မဲခေါင်၊ မတ် ၁၁
ကိုးကန့်တပ်ဖွဲ့ – MNDAA ၃၆နှစ်ပြည့် ဂုဏ်ပြုပေးပို့သည့် သဝဏ်လွှာတွင် AA နှင့် TNLA တို့က ကိုးကန့်တပ်ဖွဲ့နှင့် ၎င်းတို့ကြား “မရှိအတူ၊ ရှိအတူညီနောင်များ” ဟု တင်စားသုံးနှုန်းကာ ဝန်းရံဂုဏ်ပြုလိုက်သည်။
ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်သည့် MNDAA၊ AA နှင့် TNLA တို့ စုစည်းညီညွတ်စွာဖြင့် ချီတက်ဖြတ်သန်းလာသည်မှာ ၁၅ နှစ်ခန့် ရှိပြီဖြစ်ပြီး တစ်ဖွဲ့ချင်းစီ ရည်မှန်းချက်ပြည့်မြောက်စေရန် အချင်းချင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စုစည်းညီညွတ်မှု၊ လုပ်ဆောင်ချက်များသည် နောက်ပိုင်းထွက်ပေါ်လာသည့် တော်လှန်ရေးအဖွဲ့သစ်များအတွက် အတုယူစရာနှင့် စံပြဖြစ်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်။
MNDAA သည်လက်ရှိတွင် ရည်မှန်းချက်များ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီဖြစ်သော်လည်း အောင်မြင်မှုနှင့် အတူပါလာသည့် အခက်အခဲများ၊ အတားအဆီးများကို သတိပြုသင့်သည်ဟု အခြေအနေများက မီးမောင်းထိုးပြထားကြောင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် “မရှိအတူ၊ ရှိအတူ ညီနောင်များ” ဖြစ်ပြီး တစ်ဖွဲ့၏အခက်အခဲမှာ အားလုံး၏ အခက်အခဲဖြစ်သည်ဟု မှတ်ယူထားကြောင်း ဖော်ပြပါရှိသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ – ဗကပမှ ခွဲထွက်ကာ တည်ထောင်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ – MNDAA – မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်မှာ ယနေ့ မတ်လ ၁၁ ရက်တွင် ၃၆ နှစ် တင်းတင်းပြည့်မြောက်ခြင်းဖြစ်သည်။
ကိုးကန့်တပ်ဖွဲ့သည် ပြည်မ၌ “၈၈၈၈” အရေးတော်ပုံအပြီးတက်လာသည့် စစ်အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေးယူကာ အထူးဒေသ (၁) ကို ရှမ်းပြည်မြောက်ပိုင်းတွင် အခြေပြုကာ တည်ထောင်ခဲ့ခြင်း ၂၀၀၉ ခုနှစ်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ကာ နယ်မြေဆုတ်ခွာပေးခဲ့ရခြင်း ဖြစ်သည်။
ယင်းနောက် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးလှိုင်းနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲကာ အထူးဒေသ (၁) နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို လားရှိုးကဲ့သို့ အချက်အခြာကျသည့် တိုင်းစစ်ဌာနအခြေစိုက်ရာ နယ်မြေများကိုလည်း သိမ်းထားနိုင်ဆဲဖြစ်သည်။
#MeKongNews
#ညီနောင်မဟာမိတ်၃ဖွဲ့
#MNDAA
#AA
#TNLA
#၃၆နှစ်ပြည့်








