မဲခေါင်၊ မတ်၈
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့လယ်ခေါင်တွင်ရှိသည့် အထက်တန်းကျောင်းအနီး၌ KTV အသစ်ဆောက်လုပ်နေသည့်အတွက် လူငယ်များ ထိခိုက်နိုင်မည့်အရေး မြို့ခံများက စိုးရိမ်နေကြသည်။
ယင်း KTV နှင့် Bar ဆောက်လုပ်မှူကို မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန် ကိုယ်တိုင် မကြာခဏ လာရောက်ကြည့်ရှု့ ကြီးကြပ်နေပြီး ယင်း KTV အသစ်မှာ မိုင်းဆတ်အထက်တန်းကျောင်းမှ မီးတိုင် ၁၉ တိုင် အကွာခန့်တွင်ရှိပြီး အောက်ထပ်တွင် KTV အခန်းများ ပြုလုပ်နေကာ အပေါ်ဘက်တွင် Bar အနေဖြင့် ဖွင့်လှစ်ရန်ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဘေးမှာ မိန်းကလေးသီးသန့် ဘော်ဒါဆောင်ဖွင့်ထားတာရှိတယ်။ ကျောင်းနားမှာဗျာ မြို့အတွက်မကောင်းဘူး။ မူးယစ်ဆေးဝါးတွေနဲ့ ကလေးတွေပညာရေးနဲ့ ငွေအဓိကသမား စီးပွားရေးသမားနဲ့ ဘယ်သူသေသေ ငတေမာပြီးရော အုပ်ချုပ်ရေးပိုင်းနဲ့ မြို့အနာဂါတ်ကို ဖျက်တဲ့ သမိုင်းတရားခံတွေ” ဟု ၎င်းကပြောသည်။
လက်ရှိ မိုင်းဆတ်တွင် IDOL KTV ကြောင့် လူငယ်များ၊ အမျိုးသမီးများ အဓိက ပျက်စီးနေကြောင်း မြို့လူထုကထောက်ပြဝေဖန်နေသည့်ကြားမှ မိုင်းဆတ်ဂေါက်ကွင်းအနားရှိ ရွှေဂျိုကာဆိုင်မှာအစတွင် စားသောက်ဆိုင်ကဲ့သို့ ဖွင့်လှစ်ထားသော်လည်း ယခုမူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း မြို့ခံများက ပြောသည်။
“အခုဟာက အပြိုင်ဆိုင်တွေ လုပ်နေကျတာပါ။ အခုဆိုရွှေဂျိုကာမှာလည်း ဘာမဆို အကုန်ရနေပြီလို့ ပြောနေကြပါတယ်။ ပြီးခဲ့တဲ့လက ရွှေဂျိုကာမှာ ဟက်ပီးမရလို့ ဆိုပြီး စစ်တပ်ကအရာရှိက ပြဿနာရှာတယ်။ ပူနားကိုဘက်မှာတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုင်းဆတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းမိနေပြီး မြို့ပေါ်တွင် လူငယ်များ၊ အထူးသဖြင့် အမျိုးသမီးငယ်များသုံးစွဲနေသည့်အတွက် မူးယစ်ဆေးဝါးမျိုးစုံရနိုင်သည့် KTVများ၊ Bar များကို အရေးယူစေလိုခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#မိုင်းဆတ်
#KTV
#အထက်တန်းကျောင်း
#မူးယစ်ဆေးဝါး








