မဲခေါင်၊ ဖေဖော်ဝါရီလ ၁၇
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို စစ်ကောင်စီက ယမန်နေ့နှင့် ယနေ့ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံး ငါးကြိမ် ကြဲချသဖြင့် စာသင်ကျောင်းအပါ အဝင်နေအိမ်ငါးလုံး ပျက်ဆီးကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်သည်။
ယမန်နေ့ ၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရေပူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့် တော်လှန်ရေးတပ်ပေါင်းစုအကြား တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီမှ လေကြောင်းစစ်ကူဖြင့် ဗုံးသုံးကြိမ်လာရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ယနေ့၊ မွန်းလွဲနေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရေပူကျေးရွာကို ဗုံးနှစ်ကြိမ် ကြဲချခဲ့သည်။
ယခုကဲ့သို့ လေကြောင်းဖြင့် ပအိုဝ်းအများစုနေထိုင်ရာ ရေပူကျေးရွာကို တိုက်ခိုက်နေခြင်းသည် ပအိုဝ်းအမျိုးသားအချင်းချင်း သစ္စာဖောက်မှုဖြစ်ကြောင်း အင်းလေးလူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက မဲခေါင်ကိုပြောသည်။
“ ပအိုဝ်းပြည်သူတွေ အများဆုံးနေထိုင်တဲ့ရွာကို PNOနဲ့ စခ (စစ်ကောင်စီ)တွေပေါင်းပြီး လေယာဉ်နဲ့ ကြဲတယ်ဆိုတော့ အမျိုးသားအချင်းချင်းသစ္စာဖောက်တယ်လို့ပဲမြင်ပါတယ်”ဟု သူကပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက်တွင်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ရေပူကျေးရွာကို လက်နက်ကြီးနှင့် ဒရုန်းအသုံးပြုကာ တိုက်ခိုက်ခဲ့သဖြင့် နေအိမ် နှစ်လုံးပျက်ဆီးခဲ့သည်။
ယခုလ ၅ ရက်မှ ၁၂ ရက်အထိ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားငါးဦးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုနှစ်၊ ဇန်နဝါရီလတွင်လည်း စစ်ကောင်စီနှင့် PNA ပြည်သူ့စစ်က ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ၅၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် အရပ်သားသုံး ဦးသေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံး ပျက်ဆီးခဲ့သည်။
သုဝဏ္ဏခွန်
#MeKongNews
#အင်းလေးဒေသ
#ညောင်ရွှေမြို့နယ်
#ရေပူကျေးရွာ
#ဗုံးကြဲ
ဓါတ်ပုံ။ ။ အင်းလေးလူ့အခွင့်အရေးအဖွဲ့။ စစ်ကောင်စီဗုံးကြဲသဖြင့်ပျက်ဆီးခဲ့သည့် အဆောက်အအုံများ။















