မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
ကျားဖြန့်နှိမ်နင်းရေး အကြောင်းပြချက်ဖြင့် ထိုင်းနိုင်ငံမှ လျှပ်စစ်၊ အင်တာနက်၊ စက်သုံးဆီများဖြတ်တောက်ခဲ့ပြီးနောက် လျှပ်စစ်ဆက်စပ်ပစ္စည်းများ၊ ဂက်စ်ဓာတ်ငွေ့များပါ တင်သွင်းခွင့် ထပ်မံပိတ်ပင်လိုက်ခြင်းကြောင့် တာချီလိတ် အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့များ၌ ဂက်စ်(Gas) ဓာတ်ငွေ့စျေးနှုန်း တစ်ဆနီးပါး မြင့်မားလာသည့်အပြင် ပြတ်လပ်မှုများလည်း ရှိလာနေကြောင်း သိရသည်။
တာချီလိတ်မြို့၌ ယခင်က အလေးချိန် 15 Kg ဂက်စ်အိုး တစ်အိုးလျှင် ဘတ် ၈၅၀ (ကျပ် တစ်သိန်းဝန်းကျင်) မျှသာရှိခဲ့သော်လည်း ယခုအခါ ၁၅၀၀ ဘတ် (ကျပ်ငွေ တစ်သိန်းခွဲ နှစ်သိန်းဝန်းကျင် ) အထိ စျေးနှန်းမြင့်တက်လာကြောင်း ဒေသခံများကပြောသည်။
ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ ဖေဖော်ဝါရီ ၁၂ ရက်တွင် တင်ပို့ခွင့်ပိတ်ပင်လိုက်သည့် ကုန်စည်စာရင်းတွင် ဂက်စ်ဓာတ်ငွေ့များမှအစ မိုဘိုင်းဖုန်း၊ ဘထ္ထရီ၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာများ၊ ကေဘယ်လ်ကြိုး၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၌ အသုံးပြုနိုင်သည့် လျှပ်စစ်နှင့်ကွန်ပျူတာ ဆော့ဖ်ဝဲများ အထိပါဝင်သည်။
“လောင်စာဆီနဲ့အတူ ဂက်စ်တွေပါဖြတ်တော့ စျေးတွေ တစ်ဆလောက်ခုန်တက်လာတယ်၊ တော် တော်များများက ဂက်စ်နဲ့ပဲ ချက်ပြုတ်ကြတော့ အခက်တွေ့နေကြပြီ၊ ဒီမှာက ထင်း၊ မီးသွေးကမသုံးသလောက်ပဲလေ” ဟု တာချီလိတ် မကာဟိုခမ်းရပ်ကွက် နေသူတစ်ဦးကပြောသည်။
ပရိုပိန်း၊ ဘူတိန်း ဓာတ်ငွေ့များအပြင် စက်မှုလုပ်ငန်းသုံး အောက်စီအက်စ်တလင်းနှင့် ဆေးရုံများအတွက် အောက်စီဂျင် ဓာတ်ငွေ့အများစုကိုလည်း ထိုင်းနိုင်ငံမယ်ဆိုင်ဘက်မှ တင်သွင်းနေခြင်းဖြစ်ရာ ယခုဖြတ်တောက်ခံရသဖြင့် အခက်အခဲများစွာ ပေါ်ပေါက်နေသည်ဟု ရှမ်းအရှေ့ ဒေသခံများထံမှ သိရသည်။
မိုင်းဆတ်နှင့် မိုင်းတုံမြို့များမှ ဆေးရုံများအနေဖြင့် အောက်စီဂျင်အိုးများကို လိုင်းကားများဖြင့် တာချီလိတ်မြို့သို့ ပို့ဆောင်ဖြည့်တင်း အသုံးပြုနေကြရကြောင်း ဆေးရုံဝန်ထမ်းနှင့် ကားဂိတ်များထံမှ သိရသည်။
“အောက်စီဂျင်အိုးတွေ မရတော့ရင်တော့ အောက်စီဂျင်ရှုနေရသူတွေ၊ အသက်လုနေရသူလူနာတွေ အန္တရာယ်အများကြီး ရှိသွားမှာ” ဟု လူမှူကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အလားတူ ဝပ်ရှော့၊ ကားဘီးလေဖြည့်၊ ဂက်စ်ဖြည့် ကားပြုပြင်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ လျှပ်စစ်နှင့် ဂက်စ်ဓာတ်ငွေ့သုံးလုပ်ငန်းများတွင်လည်း ဓာတ်ငွေ့ ပြတ်လပ်မှု အခက်အခဲဖြစ်ပေါ်လာနေကြောင်း စုံစမ်းသိရသည်။
စစ်ကောင်စီ၏ ဖေဖော်ဝါရီ ၁၄ ရက် ထုတ်ပြန်ချက်အရ တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းမိရာတွင် ဖေဖော်ဝါရီ ၆ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အတွင်း ထိုင်းနိုင်ငံသား ခုနှစ်ဦး နှင့် မြန်မာနိုင်ငံသား ၂၂ ဦး၊ ကွန်ပျူတာ အလုံး ၅၀၊ ဖုန်းမျိုးစုံ ၃၀၀၊ ဘိန်းစာရွက်(အစို) ၁ ကီလိုစီပါ လေးထုပ်၊ ဘိန်းစာရွက်ပြုတ်ရည် တစ်လီတာဆံ့ ၁၀ ဗူးနှင့် ချောင်းဆိုးပျောက်ဆေးရည် ၃၀ ပုလင်း တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
မဟာ
#MeKongNews
#တာချီလိတ်
#ရှမ်းအရှေ့
#ဓါတ်ငွေ့ပြတ်လတ်
#ဈေးနှုန်းမြင့်မား








