မဲခေါင်၊ ဇန်နဝါရီ ၂၇
တာချီလိတ်မှာ ဆိုင်ကယ်ခိုးမှုနေ့စဉ်နီးပါးဖြစ်ပွားနေပြီး သူခိုးလက်ခံဝယ်ယူသူဟာ ရဲသတင်းပေး လူမိုက်အဖွဲ့ဖြစ်နေတဲ့အတွက် ရဲစခန်းကိုတိုင်ကြားသော်လည် အရေးယူဖမ်းဆီးပေးတာမရှိဘူးလို့ ဆိုင်ကယ်ခိုးခံရသူတွေက ပြောပါတယ်။
ဆိုင်ကယ်သူခိုးအဖွဲ့ဟာ နေအိမ်အတွင်းမှာ ရပ်ထားတဲ့ဆိုင်ကယ် ဝင်ရောက်ခိုးယူတဲ့အပြင် လမ်းမပေါ်ရပ်ထားတာတွေနဲ့ အုပ်စုလိုက် လူရိုက်ပြီး လုယက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ခိုးခံရတဲ့ဆိုင်ကယ်တွေနဲ့ပတ်သက်ပြီး သူခိုးရဲ့ပုံကို CCTV မှတ်တမ်းနဲ့တကွ ရဲစခန်းကိုတိုင်တန်းပေမယ့် သူခိုးလက်ခံဝယ်ယူသူဟာ ရဲတပ်ဖွဲ့ရဲ့ သတင်းပေး လူမိုက်အဖွဲ့ဖြစ်နေတဲ့အတွက် ဖမ်းဆီးအရေးယူတာတွေ မရှိဘူလို့ သိရပါတယ်။
“လမ်းမပေါ် ရပ်ပြီး ဈေးဝင်ဝယ်တာ ပြန်ထွက်လာတော့ မရှိတော့ဘူး၊ နောက်ပြီး တစ်ချို့ဆို အိမ်ထဲအထိဝင်ခိုးတာ CCTV ဓါတ်ပုံပြပြီး ရဲကိုတိုင်တာလည်း မဖမ်းပေးကြဘူး၊ အဓိက သူခိုးလက်ခံက ရဲအင်ဖေါ်မာ ကျောက်တောင်က လူမိုက် သားကြီးလို့ပြောတယ်၊ ဆိုင်ကယ်ပျောက်ရင် သူတို့နဲ့သိရင်ပြန်ရတယ်လို့ ကြားတယ်” လို့ ဆိုင်ကယ်ခိုးခံရသူတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်သူခိုးလက်ခံမှာ ကျောက်တောင်မှာနေတဲ့ သားကြီးအဖွဲ့ကဖြစ်ပြီး ခိုးလာတဲ့ဆိုင်ကယ်တွေကို ပုံစံပြောင်း အရောင်ပြောင်းပြီး ပြည်တွင်းကိုပို့ဆောင်ရောင်းချတာလို့ သိရပါတယ်။
အခုရက်ပိုင်း ပါလျံရပ်ကွက် နေအိမ်လိုင်းခန်းငှါးခြံဝန်းထဲ ရပ်ထားတဲ့ဆိုင်ကယ်ကို လူ ၃ ဦးက ခြံဝင်ထဲဝင်ရောက်လာပြီး ဇက်သော့ချိုးကာ တွန်းထုတ်ပြီး စက်နိုးယူသွားတာနဲ့ ရွှေတိဂုံဘုရားအနီး ဈေးဝင်ဝယ်တဲ့အချိန် ဆိုင်ကယ်ကိုတွန်းပြီး လူ ၃ ဦးက ခိုးယူသွားတယ်လို့ သိရပါတယ်။
MK-002
#MeKongNews
#ဆိုင်ကယ်သူခိုး
#သူခိုးလက်ခံ
#တာချီလိတ်








