မဲခေါင်၊ ဇန်နဝါရီ ၈
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ ရဲဝန်ထမ်းတစ်ဦး ပါဝင်တဲ့ ဓားပြတိုက် လူသတ် မုဒိန်းမှု ကျူးလွန်ခဲ့သူ သုံးဦး ကို ဖမ်းဆီးရမိခဲ့တယ်လို့ TNLA ပြန်ကြားရေးက ဒီနေ့( ဇန်နဝါရီ ၈)မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူ သုံးဦးဟာ အောင်နိုင်စိုး အသက် ၄၄ နှစ်၊ ကိုရဲဟိန်း အသက် ၄၂ နှစ်နဲ့ ဇင်မင်းပိုင် အသက် ၂၉ နှစ်တို့ ဖြစ်ကြပြီး ဝေဖြိုးအောင်၊ ငဖြိုး၊ အသားတု၊ ဇွဲပိုင်းထွန်း ဆိုသူ လေးဦး ကို ဖမ်းမမိသေးပါဘူး။
ဖမ်းမိသူထဲက အောင်နိုင်စိုးဟာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှ ကိုယ်ပိုင်အမှတ်-၁၉၇၂၂၂ တပ်ကြပ်ကြီးစာရေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဝန်ထမ်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
သီပေါမြို့ AAA ဓါတ်ဆီဆိုင်ရှေ့ ဆန်စက်ရုံကို ဓားမြတိုက်တဲ့အမှုနဲ့ အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သူ ခုနှစ်ဦးထဲက သုံးဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလ ၁၉ ရက်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သီပေါမြို့ကို စစ်ကောင်စီအုပ်ချုပ်စဉ်က ကျူးလွန်ခဲ့တဲ့ အမှုတွေဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့နဲ့အတူ RPG7-ဒုံးသီးတစ်လုံး၊ စကာပြောစက်အထိုင်တစ်လုံး၊ MA3 ကျည် ၄၇ တောင့်၊ စက်လတ်ကျည် ၁၉ တောင့်၊ 60 MM သုံးလုံး၊ M9 နှစ်လုံး၊ M9 ဖျု့စ် ခုနှစ်ခု၊ ဘိန်းဖြူ တစ်ဘူး၊ ဘက်ထရီ W27000 Mahတစ်လုံး၊ ရာမဗူးခွံ အလုံး ၂၀၊ ဓားတို တစ်လက်နဲ့အတူ ဖမ်းဆီရမိခဲ့တာပါ။
ဖမ်းဆီးရမိသူတွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ သီပေါမြို့ တရားဥပဒေစိုးမိုရေးတပ်ဖွဲ့က ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး အမှုကျူးလွန်ပြီး လွတ်မြောက်နေသူ လေးဦးကိုလည်း အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖမ်းမိနိုင်ရေး လုပ်ဆောင်နေဆဲလို့ ဖော်ပြပါရှိပါတယ်။
MK-012
#MeKongNews
#ရှမ်းပြည်မြောက်ပိုင်း
#သီပေါမြို့
#ရဲဝန်ထမ်း
#အောင်နိုင်စိုး








