မဲခေါင်၊ဇန်နဝါရီ ၇
မိုးဗြဲမြို့တဝိုက်ကို စစ်ကြောင်းသုံးကြောင်းခွဲပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီကို တော်လှန်ရေးတပ်ပေါင်းစုက ခုခံတိုက်ခိုက်နေတာကြောင့် ရှေ့မတိုးသာဖြစ်နေတဲ့အပြင် သေဆုံးသူတွေလည်း ဆယ်ဂဏန်းအထက်ရှိနေတယ်လို့သိရပါတယ်။
စစ်ကောင်စီက လွိုင်ကော်နဲ့ မိုးဗြဲ ပြည်ထောင်စု လမ်းမကြီးကို ပြန်လည်ထိန်းချုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ အခုလို အင်အားသုံးထိုးစစ်ဆင်တာဖြစ်နိုင်တယ်လို့ထင်မြင်ကြောင်း ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက မဲခေါင်ကို ပြောပါတယ်။
သူက “ကျွန်တော်တို့အနေနဲ့လည်း စစ်ကောင်စီစစ်ကြောင်းထိုးမရအောင် အစွမ်းကုန်ပြန်ပြီးတော့ ခုခံ တာပဲဖြစ်ဖြစ် ထိုးစစ်ဆင်တာပဲဖြစ်ဖြစ် ပြန်လုပ်မယ်ဆိုတာမျိုးတော့ ဖြေကြားလိုပါတယ်” လို့ပြောပါတယ်။
ကယန်းအမျိုးသားတပ်မတော် KNA အပါအဝင် နယ်မြေခံတော်လှန်ရေးအဖွဲ့တွေ၊ မြေပြန့် PDF တွေ ပေါင်းစုထားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီ ထိတွေတိုက်ပွဲဖြစ်ပွါးခဲ့ရာမှာ ဇန်နဝါရီ ၁ ရက် ညနေပိုင်းအထိ စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးကာ KNA ရဲ့ 2104 တပ်ရင်းမှ တပ်ခွဲမှူး ခွန်လှမိုးကျဆုံးခဲ့တယ်လို့ KNA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက မဲခေါင်ကို ပြောပါတယ်။
“လက်နက်တော့ မသိမ်းဆည်းနိုင်ခဲ့ဘူးပေါ့၊ သိမ်းဆည်းဖို့ကလည်း အရမ်းခက်ခဲနေတဲ့အနေအထားမှာရှိနေတာပေါ့၊ မိုးဗြဲအခြေအနေကတော့ တင်းမာနေဆဲပဲ”လို့ခွန်းဆောင်ဒူက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက (၁၁၁၁) စစ်ဆင်ရေးစတင်ပြီးနောက် ကရင်နီပြည်၊ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနဲ့ မော်ချီး၊ မိုးဗြဲ၊ နန်းဖယ်ခုံ စတဲ့မြို့ ခုနစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းနဲ့လေယာဉ် အသုံးပြုပြီး အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တာကြောင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းလောက်က ဖယ်ခုံမြို့ပေါ်ကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် မိုးဗြဲနဲ့လွိုင်ကော် လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာရာမှာ အခု တော်လှန်ရေးတပ်ပူးပေါင်းတပ်တွေနဲ့ တရစပ်တိုက်ပွဲ ဖြစ်ပွားနေတာပါ။
လက်ရှိဖြစ်ပွါးနေတဲ့ ထိတွေ့တိုက်ပွဲတေတွမှာ စစ်ကောင်စီရဲ့ ခမရ (၄၂၂) ထဲကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့သလို နေ့စဉ် ဒရုန်းနဲ့ပြည့်သူ့နေအိမ်တွေအပေါ် ဗုံးကြဲချတာ တွေလည်းရှိနေတယ်လို့ သိရပါတယ်။
မိုးဗြဲ-ဖယ်ခုံဟာ ရှမ်းပြည်နယ်တောင်ပိုင်းထဲက မြို့ နှစ်မြို့ဖြစ်ပြီး ကရင်နီပြည် နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြို့ဖြစ်တာ ကြောင့် ရှမ်းပြည်နယ် ပင်လောင်းဘက်ကနေ ကရင်နီဒေသကိုလာတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ မိုးဗြဲနဲ့ ဖယ်ခုံနှစ်မြို့ကို မဖြစ်မနေဖြတ်သန်းရတာဖြစ်လို့ စစ်ရေးမဟာဗျူဟာအရ အချက်အချာကျတဲ့မြို့ဖြစ်နေတာပါ။
CJ-017
#MeKongNews
#မိုးဗြဲ
#လွိုင်ကော်
#ပြည်ထောင်စုလမ်း
#တော်လှန်ရေး








