မဲခေါင်၊ ဒီဇင်ဘာ ၂၁
ဩဂုတ်လကတည်းက ယူကရိန်းတပ်တွေ ချီတက်သိမ်းပိုက်ထားတဲ့ ရုရှားရဲ့ ကက်ရှ်ဒေသမှာ တန်ပြန်ထိုးစစ်ဆင်ရာမှာ ရုရှားတပ်တွေဟာ မြောက်ကိုရီးယားကပေးပို့ထားတဲ့ စစ်သားတွေကို သတ်ကွင်းထဲ စေလွှတ်ပေးနေပြီး ယူကရိန်းဒရုန်းတစ်စင်းကြောင့် ကြောက်လန့်တကြား ပစ်ခတ်ရာက အချင်းချင်း ပြန်ပစ်သတ်မိတဲ့ ရုပ်သံကိုပါ ယူကရိန်းဘက်က ထုတ်ပြလာခဲ့ပါတယ်။
နေကြာခင်းထဲ ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းဟာ အနီးကပ်ပျံသန်းနေတာကို မြောက်ကိုရီးယားစစ်သားဟာ သေနတ်နဲ့လိုက်ပစ်ရာက ဒရုန်းဟာ အနီးအနားနေကြာခင်းကြားက စစ်သားဆီ ပျံသန်းရောက်ရှိတော့ လိုက်ပစ်ခြင်းကနေ ထိမှန်လဲကျသေဆုံးသွားတာကို ဒရုန်း ကင်မရာက ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းထောက်လှမ်းရေးရဲ့ ထုတ်ပြန်ချက်အရ ကက်ရှ်ဒေသမှာတင် မြောက်ကိုရီးယားစစ်သား ၁၀၀ ကျော် သေဆုံးတဲ့ အလောင်းတွေကို အတိအကျ ရေတွက်မှတ်တမ်းတင်နိုင်ခဲ့ကြောင်းနဲ့ နောက်ထပ် မြောက်ကိုရီးယား စစ်သား ၁၀၀၀ ကျော် ဒဏ်ရာရပြီး ဆေးရုံတက်ကုသနေရတယ်လို့ အခိုင်အမာ ဖော်ပြခဲ့ပါတယ်။
အမေရိကန် အစိုးရ အရာရှိတစ်ဦးကတော့ မြောက်ကိုရီးယားစစ်သားတွေဟာ ဟင်းလင်းပြင် စစ်တလင်းထဲ ဦးတည်ရာမဲ့ ဖြစ်နေကြပြီး ယူကရိန်းဘက်က အမြောက်တွေ၊ စက်သေနတ်တွေ၊ စနိုက်ဘာတွေနဲ့ ရှင်းရှင်းလင်းလင်းကြီး ပစ်ခတ်ချေမှုန်းခွင့်ရနေလို့ ရာပေါင်းများစွာ သေဆုံးခဲ့ရပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။
ဒါပေမဲ့လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ မဟာမိတ်ရုရှား သမ္မတ ပူတင်ရဲ့ စစ်သည်တွေ ထပ်လွှတ်ပေးဖို့ တောင်းဆိုမှုကို လိုက်လျောပြီး စစ်သည်အင်အား ၁၀၀၀၀၀ အထိ စေလွှတ်ဖို့ ပြင်ဆင်နေပြီး လက်ရှိသေဆုံးစစ်သားအရေအတွက်နေရာမှာ ပြန်ဖြည့်ဆည်းဖို့ စစ်သည်တွေကို ဆက်လက်ပို့ဆောင်ပေးနေ ကြောင်း သိရပါတယ်။
ဒီရက်ပိုင်းထဲ ရုရှားဟာ ကက်ရှ်ဒေသကို မြောက်ကိုရီးယားပေးပို့နေတဲ့ ဧရာမ အမြောက်လက်နက် (M1989 Koksan self-propelled artillery) တွေကို မျက်စိတစ်ဆုံး မဆုံးနိုင်လောက်တဲ့ မီးရထားတွဲတွေပေါ်တင်ပြီး ပေးပို့နေတဲ့ ရုပ်သံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအမြောက်တွေဟာ ၅ မိနစ်တိုင်း အမြောက်ဆံ ၂ လုံး ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိပြီး ၃၇ မိုင် အကွာအဝေးအထိ ပစ်ခတ်နိုင်တယ်လို့လည်း သိရှိရပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#မြောက်ကိုရီးယား
#စစ်သား
#ကက်ရှ်ဒေသ
#အမြောက်တွေ
#ပို့ဆောင်








