မဲခေါင်၊ ဒီဇင်ဘာ ၁၅
ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ နေပြည်တော်နဲ့ ရခိုင်ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို စစ်ကောင်စီစစ်ဆေးရေးအဖွဲ့က ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဖြတ်ကျော်ခွင့်မပေးပဲ ရှမ်းတောင်နဲ့ ရှမ်းရှေ့နယ်ခြားဂိတ်တည်ရှိရာ တာကော်တံတားကနေ လှည့်ပြန်ခိုင်းတယ်လို့ တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေထံက သိရပါတယ်။
ကရင်နီ(ကယား၂/)၊ စစ်ကိုင်း(၅/)၊ မကွေး(၈/)၊ မန္တလေး(၉/)၊ နေပြည်တော်(၉/) နဲ့ ရခိုင်ပြည်နယ်(၁၁/) တွေ တာကော်တံတားကနေ ပြန်လှည့်ခိုင်းတာကို ဒီဇင်ဘာလ ၁၂ ရက်က စတင်တာပါ။
“အကြောင်းအရင်း သေချာမပြောပဲ ပြန်လှည့်ခိုင်းတာ၊ ဘယ်လိုပဲ ရှင်းပြရှင်းပြ မရဘူး၊ အသက်အရွယ်မရွေး ပြန်လှည့်ခိုင်းတာ၊ လူကို လုံးဝမစစ်ဘဲ မှတ်ပုံတင်ကိုပဲစစ်တာ၊ နယ်ဝေးကလာတဲ့ ခရီးသည်လေးတွေ အခက်အခဲမဖြစ်စေချင်လို့ တောင်ကြီးဂိတ်တွေကလည်း မတင်ကြတော့ဘူး” လို့ ကားသမားတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကရင်နီ၊ စစ်ကိုင်းနဲ့ မကွေးမှတ်ပုံတင် ကိုင်ဆောင်သူတွေကို လူကြီး လူငယ် ကျားမ မရွေး ပြန်လွှတ်နေပေမယ့် မန္တလေး၊ နေပြည်တော်(၉/) နဲ့ ရခိုင်ပြည်နယ်(၁၁/) မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေထဲက လူငယ်နဲ့ လူလတ်ပိုင်းကိုသာ ဖြတ်သန်းခွင်မပေးပဲ ပြန်လှည့်ခိုင်းတယ်လို့ ကားသမားတွေက ပြောပါတယ်။
အဲဒီလိုပဲ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ကနေ UWSA “ဝ” တပ်ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းပေါက်မြို့ဘက်သို့သွားမယ့် တအာင်း၊ ကိုးကန့်နဲ့ ရခိုင်လူမျိုးတွေကို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ထောက်ခံစာပြနိုင်မှသာ ဝင်ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။
CJ-003
#MekongNews
#ရှမ်းအရှေ့
#မှတ်ပုံတင်
#တာကော်တံတား
#ပြန်လှည့်








