မဲခေါင်၊ ဒီဇင်ဘာ ၂
မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ ထိုင်းငါးဖမ်းသင်္ဘောတွေကို စစ်ကောင်စီရေတပ်က နိုဝင်ဘာ ၃၀ မှာ ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် ဒီဖမ်းဆီးမှုမှာ သေဆုံးသူမရှိသလို ပြည်ဖျက်မီဒီယာတွေက တစ်ဖက်သတ်ဖော်ပြေနေတာလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ညမှာ ပြောပါတယ်။
ကော့သောင်းရေပိုင်နက်ထဲ ဝင်ရောက် ငါးခိုးဖမ်းမှုကို စစ်ကောင်စီရေတပ်က နိုဝင်ဘာ ၃၀ ရက် ပစ်ခတ်ဖမ်းဆီးခဲ့ရမှာ စက်လှေနှစ်စီးနဲ့ ထိုင်းနိုင်ငံသား လေးယောက်အပါ စုစုပေါင်း ၃၁ ယောက်ကို ဖမ်းခံရပြီး ထိုင်းနိုင်ငံသားတစ်ဦး ရေထဲကျ သေဆုံးမှုဖြစ်ပွားလို့ ထိုင်းအကြီးအကဲတွေက ပြင်းပြင်းထန်ထန် ဝေဖန်ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီလိုဖော်ပြမှုကို မြန်မာမီဒီယာတွေက ဘာသာပြန်ဖော်ပြခဲ့ပြီးနောက် ပြည်ဖျက်မီဒီယာတွေက ဖော်ပြခဲ့တာလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ ထိန်းချုပ်ထားတဲ့ မီဒီယာတွေကတဆင့် ပြောပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဝီချာယာချိုင်က အရှေ့တောင်အာရှ ရေပိုင်နက်တွေထဲ ဒီလို နယ်မြေကျော် ငါးဖမ်းမှုတွေ မကြာခဏဆိုသလို ရှိနေခဲ့တာကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးမှုလုပ်ဆောင်ခြင်းဟာ အလွန်အကျူး ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်လို့ ဖမ်းထားတဲ့ ထိုင်းနိုင်ငံသား လေးယောက်ကို ပြန်လွှတ်ပေးဖို့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။
ထိုင်းတော်ဝင်ရေတပ်ကလည်း ဒီဖြစ်စဉ်မှာ စက်လှေပေါ်က သုံးယောက် ရေထဲကျပြီး ထိုင်းနိုင်ငံသားတစ်ယောက် သေဆုံးခဲ့ရတဲ့အတွက် တံငါသည်တွေကို ကြင်နာစွာ ဆက်ဆံသင့်တယ်လို့ ဆိုပါတယ်။
ဒီလိုပြောကြားမှုပြီးနောက် သေဆုံးသူမရှိဘူးလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောကြားတာ ဖြစ်ပါတယ်။ ဒီဖမ်းဆီးမှုမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိခဲ့ပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရေပိုင်နက်အနီးမှာ ငါးဖမ်းစက်လှေတွေကို ရှင်းလင်းထားပြီး စစ်ခေါင်းဆောင်တွေနဲ့ သံတမန်နည်းလမ်းအရ ဆွေးနွေးနေကာ ထိုင်းတော်ဝင်ရေတပ် သင်္ဘောနှစ်စီး စေလွှတ်ထားပြီး ကယ်ဆယ်ရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ထိုင်းဘက်က လတဲ့သတင်းတွေက ဆိုပါတယ်။
ဘန်ကောက်က မြန်မာစစ်ကောင်စီသံမှူးကို ဆင့်ခေါ်ပြီး ဒီအရေး ဖြေရှင်းပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တောင်းဆိုထားကြောင်း ထုတ်ပြန်ခဲ့ပါ တယ်။
#MeKongNews
#ထိုင်း
#ငါးဖမ်းသင်္ဘော
#တော်ဝင်ရေတပ်
#စစ်ကောင်စီ
#သံတမန်
#ရေပိုက်နက်








