မဲခေါင်၊ ဒီဇင်ဘာ ၂
စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲလို့ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်းရင်းကျေးရွာမှာနေတဲ့ ၂ နှစ်အရွယ်ကလေးနဲ့ သူ့ရဲ့မိခင်ဖြစ်သူ သေဆုံးပြီး ဖခင်ဖြစ်သူက ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်နဲ့ PNP ပြည်သူ့စစ်တွေအထိုင်ချရာနေရာကနေ ဒရုန်းတက်လာပြီး တောင်ယာခြံထဲ ပြောင်းချိုးနေကြတဲ့ မိသားစုရှိရာကို ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ကလေးနဲ့ ကလေးအမေက ပွဲချင်းပြီးသေဆုံးသွားပါတယ်၊ ကလေးအဖေကတော့ ခန္ဓာကိုယ်အနှံ့ ဗုံးဆံထိတဲ့ ဒဏ်ရာတွေရရှိထားပါတယ်”လို့ PNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုခွန်ရိန်းယံ က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ပအိုဝ်း ပြည်သူတွေရှိရာနေရာကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မနေ့ကလည်း ဆီဆိုင် -လွိုင်ကော် လမ်းမတကြောက ထီးစဲခါးဆရာတော်ပါဝင်တဲ့ကားကို ပစ်ခတ်တာကြောင့် ဆရာတော်ပျံလွန်တော်မူပြီး ကျန်တဲ့ဆရာတော် နှစ်ပါးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ရပါတယ်။
စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ PNLA ကြား နိုဝင်ဘာလ ၂၀ ရက်ကစပြီး ထိတွေ့တိုက်ပွဲ ပြင်းထန်နေကာ စစ်ကောင်စီဖက်က ရွာကိုမီးရှို့လို့ နေအိမ် ၁၄ လုံး ထပ်မနည်း ပျက်စီးကာ ဖမ်းဆီးခံရတဲ့ ပြည်သူလေးဦးနဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူ လေးဦးအထိ ရှိနေတယ်လို့ သိရပါတယ်။
CJ-004
#MekongNews
#စစ်ကောင်စီ
#ဒရုန်းနဲ့ဗုံးကြဲ
#ကလေးနဲ့မိခင်
#သေဆုံး
#ဆီဆိုင်
#နောင်ရင်းကျေးရွာ








