မဲခေါင်၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ အမြောက်တင် သံချပ်ကာ ၁၅ စီးဟာ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသဘက်နဲ့ ကရင်နီပြည်နယ်ဘက်ကို ဒီနေ့မနက်မှာ ဆက်လက်ထွက်ခွာသွားတာ တွေ့တယ်လို့ ဟိုပုံးနဲ့ ကလောဒေသခံတွေထံက သိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂၄ ရက် မနက် ၁၀နာရီမိနစ် ၄၀ မှာ ဘီးတပ် သံချပ်ကာယာဥ် ၇ စီးဟာ အစောင့်ယာဥ် ၄ စီးနဲ့အတူ အောင်ပန်းနဲ့ ကလောကြားက လွိုင်ကော်ဘက်လမ်းခွဲဘက်ကို မောင်းနှင်သွားတာတွေ့တယ်လို့ မျက်မြင်တွေ့သူ ကလောဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“ပွိုင့်တွေနဲ့ သွားတာ၊ ဘီးတပ်ပဲ သံချပ်ကာတွေ၊ လွိုင်ကော်ဘက်ကို” လို့ သူကပြောပါတယ်။
ကျန်တဲ့ ယာဉ် ၈ စီးကတော့ ဟိုပုံးကနေ ဆီဆိုင်၊ ပင်လောင်းဘက်သွားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မဲခေါင်ရဲ့စုံစမ်းချက်အရ ကျိုင်းတုံ တကရ ၇၀၀၁ နဲ့ ဒတရ ၆၀၀၁ က သံချပ်ကာယာဥ်တွေ၊ မိုင်းတုံက တကရ ၆၀၀၃ က အမြောက်တင်ဘီးတပ်ယာဥ်တွေ ပါတယ်လို့သိရပါတယ်။
အဲဒီယာဥ်တန်းဟာ ကျိုင်းတုံက နိုဝင်ဘာ ၂၁ ရက်က စုဖွဲ့ထွက်လာတာဖြစ်ပြီး နမ့်စန်၊ လွိုင်လင်ကနေ ဟိုပုံး၊ တောင်ကြီးဘက်ကိုသွားတာလို့ စစ်ရေးသတင်းတွေ ဖော်ပြလေ့ရှိတဲ့ CDM ဗိုလ်ကြီးဇင်ယော်က သူ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
လတ်တလော ဆီဆိုင်မြို့နယ်အတွင်း PNLA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ပြန်ဖြစ်ပွားနေသလို ကရင်နီ နဲ့ရှမ်းတောင်နယ်စပ် ဖယ်ခုံ၊ မိုးဗြဲဘက်မှာ တော်လှန်ရေးတပ်တွေ အပြင်းအထန်တိုက်ပွဲဖြစ်နေလို့ ရှမ်းအရှေ့က သံချပ်ကာယာဥ်တွေ အင်အားဖြည့်နေတာလို့ စစ်ရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
MK – 012
#MeKongNews
#ကျိုင်းတုံ
#သံချပ်ကာယာဉ်
#ဟိုပုံး
#လွိုင်ကော်








