မဲခေါင်၊ နိုဝင်ဘာ ၁၇
ကရင်နီ(ကယား)ပြည် ဖားဆောင်းမြို့အနီးနားမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄ ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့လို့ နေအိမ်အချို့ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
“နေအိမ်ထိခိုက်တာရှိတယ်။ လူထိခိုက်တာတော့မရှိဘူး။ ရွာဟောင်းဖက်ကိုကြဲသွားတာ အိမ်ပျက်စီးတဲ့ အရေအတွက်တော့ မသိသေးဘူး။ စစ်တပ်ကတော့ လူစိတ်မရှိတော့ ဖျက်ဆီးဖို့ ဆက်မှားဖို့ပဲ သူတို့တွေးတာမျိုးပေါ့”လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
ဖားဆောင်းမှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၃၄၊ ၁၃၅ စခန်းတွေပဲကျန်နေပြီး တော်လှန်ရေး အင်အားစုတွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီတပ်ဖက်က ကင်းထောက်လေကြောင်းကနေသာ ရိက္ခာပေးပို့မှုတွေကို ပြီးခဲ့တဲ့ တပတ်က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ခုလက်ရှိအချိန်မှာ ဖားဆောင်းမြို့က ပြည်သူအားလုံးနီးပါး စစ်ဘေးရှောင်နေကြပြီး တခါတရံ နေအိမ်ပြန်ကြည့်သူတွေသာ ရှိတယ်လို့ သိရပါတယ်။
နိုဝင်ဘာလအတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာတွေမရှိပေမယ့် စစ်ကောင်စီတပ်က ၁၁ ရက်နေ့မှာလည်း ဖားဆောင်းရဲ့ နေရာ ၅ ခုလောက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် နေအိမ်ပြန်ကြည့်သူတယောက် ထိခိုက်မိပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ရပါသေးတယ်။
CJ-004
#MeKongNews
#ဖားဆောင်း
#ကရင်နီ
#စစ်ကောင်စီ
#ဗုံးကြဲ
#တော်လှန်ရေး
ဓာတ်ပုံ- Hpasawng PDF








