မဲခေါင်၊ နိုင်ဝင်ဘာ ၇
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့ထဲကို မိုင်းပန်၊ တာဆန်းဘက်ကနေ ဝင်တဲ့ ယာယီတံတားမှာ ဒီနေ့ နိုဝင်ဘာလ ၇ ရက်၊ ညနေ ၄ နာရီခွဲလောက်မှာ နမ့်တုံချောင်းရေတိုးပြီး နစ်မြုပ်လို့ ယာဥ်တွေသွားလာမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ နိုဝင်ဘာ ၆ ရက်ကစပြီး ဆက်တိုက်မိုးရွာသွန်းတာရယ်၊ တောင်ကျရေကျတာရယ်ကြောင့် နမ့်တုံချောင်းရေမြင့်တက်လာပြီး တံတား ရေမြုပ်သွားတာလို့ ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“ဒီပုံအတိုင်း မိုးဆက်ရွာရင် ဟိုအရင်ကထက်ပိုဆိုးနိုင်တယ်။ အခုက အရင်အရှိန်နဲ့ မြေသားတွေ ပျော့နေတော့ ရေကြီးမြေပြိုတာတွေ ပိုဖြစ်လာနိုင်တယ်။ မြို့လူထုလဲ ရေကြီးတာအတွက် အဆင်သင့် သဲအိပ်တွေကာ၊ ပစ္စည်းတွေ ရွှေ့လုပ်နေကြပြီ။ အရင်ကျိုးတဲ့တံတားတောင် ပြင်ဖို့လုပ်တုန်း ရှိသေးတယ်။ မြို့ထဲ အနိမ့်ပိုင်းနဲ့ အိမ်အောက်ထပ်တွေ၊ ရေကြောင်းကျတဲ့အိမ်တွေ၊ ဟိုတစ်ခါလို ဟောင်လီတစ်ရွာလုံးမနစ်မြုပ်ဖို့ ခုထဲက ပြင်ဆင်နေကြတယ်” လို့ သူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အခုရေမြုပ်တဲ့တံတားဟာ ကုန်နဲ့ယာဥ် ၆ တန်အထိ ဖြတ်သန်းနိုင်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စံချိန်တင် ရေကြီးရေလျှံမှုကြောင့် ကျိုးသွားတဲ့ တံတားနေရာမှာ အစားထိုးပြန်လည်တည်ဆောက်ထားတဲ့ ယာယီတံတား ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က မိုးဆက်တိုက်ရွာသွန်းပြီး မိုင်းတုံမြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ နမ့်တုံ၊ နားညုနဲ့ နမ့်ဟောင်ခယ်ချောင်းတွေထဲ တောင်ကျရေတွေ စီးဝင်လို့ တစ်မြို့လုံးရေကြီးရေလျှံဖြစ်ကာ လူတစ်ဦးရေထဲမျောပါ ပျောက်ဆုံးပြီး လူနေအိမ်တွေ၊ ကားတွေ၊ ကုန်ပစ္စည်းနဲ့ အိမ်သုံးပစ္စည်းအများအပြား ရေဝင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
MK – 012








