မဲခေါင်၊ အောက်တိုဘာ ၂၂
မြ၀တီမြို့ ကျောက်ခက်က တရုတ်ကျားဖြန့်လုပ်ငန်းတစ်ခုကနေ လူမှောင်ခိုကူး လိမ်လည်ခေါ်ဆောင်ပြီး ပြန်ပေးငွေ ယွမ် ၃၀၀၀၀၀ (ဘတ် ၁၅၀၀၀၀၀) တောင်းခံနေတဲ့ တရုတ်ကျောင်းသူ ကျောင်းသား ၃ ယောက်ကို ထိုင်းနိုင်ငံ တက်ခ်ခရိုင် မြို့ပြရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့၊ မဲဆောက်ရဲတပ်ဖွဲ့နဲ့ ဖုပ်ဖရ ရဲတပ်ဖွဲ့ အကြီးအကဲ တွေ ပူးပေါင်းစုံစမ်းပြီး အောက်တိုဘာ ၂၁ ရက်နေ့က သွားရောက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
ထိုင်းနိုင်ငံက နာမည်ကြီး ဘန်ကောက်သွန်ဘူရီတက္ကသိုလ်မှာ တက်ရောက်သင်ကြားနေတဲ့ တရုတ်ကျောင်းသား ၂ယောက်နဲ့ ကျောင်းသူ ၁ ယောက်ကို မြ၀တီမြို့ ကျောက်ခက်အရပ်က ကျားဖြန့်လုပ်ငန်းမှာ လိမ်လည်ခေါ်ယူ ပြန်ပေးဆွဲထားပြီး ပြန်ပေးငွေများစွာ တောင်းခံနေမှုကို သေချာစုံစမ်းလေ့လာပြီးနောက် မြ၀တီဘက်က ဒေသခံ လက်နက်ကိုင်အဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတွေ ပူးပေါင်းရှာဖွေပေးပြီး အောက်တိုဘာ ၂၁ ရက်နေ့မှာ အောင်မြင်စွာပြန်လည်ခေါ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ထိုင်းနဲ့မြန်မာ နှစ်ဖက်တာဝန်ရှိသူတွေရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် ပြန်လည် ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ဒီလို မှုခင်းမျိုး ကြုံရသူတွေဟာ မဲဆောက်ရဲစခန်း ဖုန်းနံပါတ် 055-531-130 သို့မဟုတ် 191 ကိုဖုန်းဆက်သွယ် သတင်းပို့နိုင်ကြောင်း ထုတ်ပြန်သွားပါတယ်။
လက်ရှိမှာ ဒီကျောင်းသား ၃ ယောက်ကို တာ့ခ်ခရိုင်ရှိ မဲဆောက်မြို့ သားကောင်များ စိစစ်ရေးစင်တာမှ အမျိုးသား လွှဲပြောင်းပေးရေး ယန္တရား (NRM) အစီအစဉ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရပါတယ်။
Ref:AEC
MKF-001









