မဲခေါင်၊ ဇူလိုင် ၁
ကချင်ပြည်၊ မြစ်ကြီးနားမြို့မှာ မနေ့ ည ၁၂ နာရီဝန်းကျင်လောက်ကစပြီး ရေအဆမတန် မြင့်တက်လာတာကြောင့် လက်ရှိမှာ စိုးရိမ်ရေမှတ် ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မေခနဲ့ မလိခမြစ်ရဲ့ မြစ်ဖျားပိုင်းမှာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ကမ်းဘေးရပ်ကွက်တွေမှာ အချိန်နဲ့အမျှ ရေမြင့်တက်နေပြီး ရပ်ကွက်တချို့က တိမ်းရှောင်နေရပြီလို့ ဆိုပါတယ်။
“ စစ်ဘေးကရှောင်လာတာ ဘယ်လောက်မှ မကြာသေးဘူး။ ရေဘေး ထပ်ရှောင်ရတော့ သေပါသေလိုက်ချင်တယ်။ ဘာမှလည်း မသယ်နိုင်တော့ဘူး။ အသက်မသေရင်ပြီးရော စိတ်ထားနေရတယ်” လို့ မြစ်ကြီးနားမြို့ပေါ် စစ်ဘေးတိမ်းရှောင်လာတဲ့ ဝိုင်းမော်ဒေသခံ တစ်ဦးက ပြောပါတယ်။
လတ်တလော အခြေအနေအရ မြစ်ကြီးနားမြို့ရဲ့ ပြည်သူ့ရင်ပြင်အထိ ရေဝင်ရောက်နေပြီး ရပ်ကွက်အများစုက ရေမဝင်သေးတဲ့ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ကျန်တဲ့ ရန်ကြီးအောင်၊ မြို့သစ်၊ ယုဇန၊ အောင်နန်း၊ မြို့မ၊ ဧရာရပ်ကွက်တွေမှာတော့ လက်ရှိချိန်အထိ ရေဝင်တာမျိုး မရှိသေးပေမယ့် အရေးပေါ်အခြေအနေအတွက် ကြိုပြင်ဆင်ထားကြပြီလို့ ဆိုပါတယ်။
“ ကျနော်တို့ကို ဖုန်းဆက်လာတိုင်း အမြဲပြောတယ်။ စိတ်မပူနဲ့၊ ကျနော်တို့ လာခေါ်ပေးမယ်။ ဒီမှာလည်း ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ လူတွေနဲ့ ကယ်ရမယ့် လူတွေက အင်အားမမျှဘူး။ အဲတော့ တစ်ယောက်ပြီးမှပဲ တစ်ယောက်လာခေါ်နိုင်တယ်။ အဲဒါကို မလာမချင်း ဖုန်းခေါ်ကြတော့ ကျနော်တို့လည်း လုပ်ရကိုင်ရခက်တယ်” လို့ မြို့တွင်း ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
ရေဝင်နေတဲ့ ရပ်ကွက်တွေကို အမြန်ဆုံး တိမ်းရှောင်ကြဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ကြေညာထားပြီး လတ်တလော ပျက်စီးဆုံးရှုံးမှု လူထိခိုက်သေဆုံးမှုတွေကိုတော့ ထုတ်ပြန်တာမျိုး မရှိသေးဘူး။
မြစ်ကြီးနားမြို့မှာ ဇူလိုင်လ ၅ ရက်နေအထိ ရေဆက်တိုက် မြင့်တက်ဦးမယ်လို့ မိုးလေဝသက ကြေညာထားပြီး လက်ရှိမှာလည်း ၁၃၁၇ စင်တီမီတာအထိ ရှိလာပြီဖြစ်တာကြောင့် ၂၀၀၄ ခုနှစ်တွင်းက စံချိန်တင် မြင့်တက်ခဲ့တဲ့ ၁၄၀၇ စင်တီမီတာကို ကျော်လွန်သွားနိုင်တယ်လို့ မြို့ခံတွေက ခန့်မှန်းနေကြပါတယ်။
MK-014
![](https://mekongnewsmm.com/wp-content/uploads/2024/07/signal-2024-07-01-124543_008-1024x768.jpeg)
![](https://mekongnewsmm.com/wp-content/uploads/2024/07/signal-2024-07-01-124543_005-768x1024.jpeg)
![](https://mekongnewsmm.com/wp-content/uploads/2024/07/signal-2024-07-01-124543_003.jpeg)