မဲခေါင်၊ ဧပြီ ၁၇
အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ NLD ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ကနေ ပြောင်းရွေ့လိုက်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။
ရာသီဥတုပူပြင်းတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ကျန်းမာရေးအရ ထောင်ကနေ ပြောင်းရွေ့တာဖြစ်ပြီး ဘယ်နေရာကို ပြောင်းရွေ့ထားတယ်ဆိုတာတော့ ဇော်မင်းထွန်းက ပြောဆိုခြင်းမရှိပါဘူး။
“”ဒါတွေနဲ့ပတ်သတ်ပြီး သမ္မတဟောင်းဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်မှမဟုတ်ပါဘူး၊ ကျန်းမာရေးအရလိုအပ်တဲ့အကျဉ်းသားများ၊ အသက်ကြီးနေတဲ့အကျဉ်းသားများနဲ့ပတ်သတ်ပြီး အပူဒဏ်သက်သာစေရေးအတွက် နည်းလမ်းများနဲ့ ရှာဖွေပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါတယ်” လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဘီဘီစီမြန်မာပိုင်းကို ပြောထားပါတယ်။
နေပြည်တော် အကျဥ်းထောင်အတွင်း သီးသန့်နေအိမ်တစ်လုံးမှာ အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူအကျဥ်းထောင်က သမ္မတ ဦးဝင်းမြင့်တို့ကို ဒီကနေ့ ဧပြီ ၁၆ ရက် ညနေပိုင်းက ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက မီဒီယာတွေကို ပြောထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်ခဲ့သူတစ်ဦးက ခြံအမှတ် ၅၄ အိမ်ကိုပြန်ပို့တာတော့ မဖြစ်နိုင်တဲ့အတွက် နေပြည်တော်အတွင်းက တနေရာရာကို ပြောင်းရွှေ့တာ ဖြစ်နိုင်တယ် လို့ မဲခေါင်သတင်းကို ပြောပြပါတယ်။
“ အမေ့ကိုသူတို့က ခုပို့ခုပြန်ဆိုပြီး သူ့အိမ်ပြန်ပို့ရအောင်လည်းဘဲ သူတို့ကခြံထဲကလူတွေကို ရှင်းထုတ်ထားတာဆိုတော့ အဆင်သင့်ဘာမှမဖြစ်ဘူးလေ။ ပြန်ပို့မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှုလုပ်မှာပေါ့။ ဒါမှမဟုတ် ထောင်ထဲကတခြားအိမ်တအိမ်ကိုပဲ ပြောင်းပေးလား။ ၅၄ နေအိမ်မဟုတ်ဘဲ နေပြည်တော်က အတိုင်ပင်ခံအိမ်ကိုပဲ ရွှေ့လားမသိသေးဘူးပေါ့။ သို့သော် ဘာပဲဖြစ်ဖြစ် ကျန်းမာရေးအရ တနည်းတဖုံသက်သာမယ်ဆိုရင်တော့ သူ့အတွက်ဝမ်းသာတာပေါ့” လို့ သူကပြောပါတယ်။
မနက်ဖြန် နှစ်ဆန်းတရက်နေ့မှာလည်း နိုင်ငံတွင်းဖမ်းဆီးခံထားရတဲ့ အကျဥ်းသားတွေကို လွတ်ငြိမ်းပေးရာမှာ နိုင်ငံရေးသမားတွေလည်း ပါဝင်လိမ့်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေ သတင်းဌာနကို ဖြေဆိုထားပါတယ်။
CJ-001