မဲခေါင်၊ နို၀င်ဘာ ၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့မှာ မြို့ခံတွေ တဖြည်းဖြည်း ပြန်လည် နေထိုင်နေပြီဖြစ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ MNDAA တပ်ဖွဲ့က အောက်တိုဘာ ၃၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်မှာ ချင်းရွှေမြို့နဲ့ အနီးတစ်၀ိုက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ TNLA၊ MNDAA နဲ့ AA ပူးပေါင်းတပ်တွေ ၀င်ရောက် တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲကြောင့် ချင်းရွှေဟော်မြို့လုံးကျွတ်နီးပါး စစ်ဘေး တိမ်းရှောင်ခဲ့ရပြီးနောက် လက်ရှိမှာတော့ တော်လှန်ရေး အင်အားစုတွေ မြို့ကို အပြည့်အ၀ ထိန်းချုပ်ထားနိုင်ပြီဖြစ်လို့ မြို့ခံတစ်ချို့ ပြန်လည် နေထိုင်နေကြပြီလို့ ချင်းရွှေဟော်မြို့ခံ တစ်ဦးက အတည်ပြု ပြောပါတယ်။
“တော်တော်များများတော့ ပြန်လာနေပြီ။ ဒါပေမဲ့ ကျန်တဲ့သူတွေကတော့ ကျန်သေးတယ်။ စစ်တပ်က လေယာဥ်နဲ့ လာကြဲနိုင်တယ်နော့။ ဗုံးခိုကျင်းတော့ တူးထားတယ်လေ” လို့ သူကရှင်းပြပါတယ်။
လက်ရှိ မြို့တွင်းမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပေမဲ့ နေအိမ်၊ ဆိုင်ခန်းတွေ ပျက်စီးနေတာ သိပ်မတွေ့ရဘဲ MNDAA တပ်တွေကတော့ နေရာအနှံ့ လုံခြုံရေး ယူနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွားချိန် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ၀န်ထမ်းတွေ ထွက်ပြေးသွားတာကြောင့် မြို့တွင်း အုပ်ချုပ်ရေးယန္တရားကို MNDAA ဦးဆောင်ပြီး လည်ပတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၇ ရက်မှာ TNAL၊ MNDAA၊ AA ၊ MDY PDF နဲ့ BPLA တပ်ဖွဲ့တွေ ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်မှာ စတင်ခဲ့ရာ လက်ရှိအချိန်ထိ ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်နဲ့ သိန္ဒီမြို့တွေ အပါအ၀င် စစ်ကောင်စီတပ်စခန်း ၈၀ ကျော်ကို သိမ်းပိုက် ထိန်းချုပ်ထားပြီလို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။
ရှမ်းမြောက် စစ်ဆင်ရေး ၅ ရက်တာ ကာလအတွင်း ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးပြီး လက်နက် ခဲယမ်း အမြောက်အများ သိမ်းဆည်း ရရှိခဲ့သလို စစ်သား ၁၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့တယ်လို့ သိရပါတယ်။
MK-007
#MekongNews
#ကိုးကန့်_MNDAA
#ချင်းရွှေဟော်မြို့
#၁၀၂၇_စစ်ဆင်ရေး












