မဲခေါင်၊ အောက်တိုဘာ ၃၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အနီး တိုက်ပွဲတွေ ဖြစ်ပွား နေတာကြောင့် မြို့ခံတွေ အနေနဲ့ အခြေခံ စားသောက်ကုန်တွေ အလုအယက် ၀ယ်ယူနေလို့ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာတယ်လို့ မြို့ခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။
လောက်ကိုင်မြို့အနီးမှာ အောက်တိုဘာ ၂၇ ရက်ကစပြီး စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပြီး မြို့တွင်း တိုက်ပွဲတွေ ဖြစ်လာမှာ စိုးရိမ်တာ၊ လမ်းတွေ ပိတ်ထားတာတွေကြောင့် အခုလို ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာတာလို့ ဆိုပါတယ်။
“မြို့ထဲက ဆိုင်တွေလည်း ရောင်းလို့ ကုန်ပြီ။ တစ်ချို့ကတော့ မရောင်းဘဲကို ပိတ်ထားတာ။ ရောင်းတဲ့ ဆိုင်တွေကျတော့လည်း စျေးတွေ အသကုန် တက်နေရောနော်” လို့ မြို့ခံ တစ်ဦးက ရှင်းပြပါတယ်။
လက်ရှိ လောက်ကိုင်မြို့တွင်းမှာ ဆန်တစ်အိတ် မြန်မာငွေ ကျပ် ၃ သိန်းကျော်အထိ စျေးဖြစ်နေသလို ကြက်ဥတစ်ကဒ်ကို ငွေကျပ် ၂၂,၀၀၀ ကျော် ပေး၀ယ်နေရတယ်လို့ သိရပါတယ်။
ရှမ်းမြောက်ဒေသမှာ မဟာမိတ် ညီနောင် ၃ ဖွဲ့ဖြစ်တဲ့ TNLA ၊ AA ၊ MNDAA နဲ့ MDY PDF၊ BPLA တပ်ဖွဲ့တွေ ပူးပေါင်းပြီး အောက်တိုဘာ ၂၇ ရက်က အော်ပရေးရှင်း ၁၀၂၇ ကို တရား၀င် ကြေညာကာ ရှမ်းမြောက်ဒေသက စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်နေပါတယ်။
ဒီစစ်ဆင်ရေး အတွင်း တော်လှန်ရေး မဟာမိတ်တပ်တွေက ချင်းရွှေဟော်မြို့၊ သိန္ဒီမြို့ အပါအ၀င် စစ်ကောင်စီ တပ်စခန်း ၇၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေတယ်လို့ သိရပါတယ်။
MK-007
#MeKongNews
#လောက်ကိုင်မြို့
#အခြေခံ_စားသောက်ကုန်
#မြောက်ပိုင်း_မဟာမိတ်








