မဲခေါင်၊ အောက်တိုဘာ ၅
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်က တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ နမ့်ကတ်ကျေးရွာအုပ်စု၊ မိုင်းဆတ်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲထားပေမယ့် နေအိမ်တွေ ဖောက်ထွင်း ခိုးယူခံနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကစပြီး တိုက်ပွဲ ပြင်းထန်နေတာကြောင့် နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ ခိုလှုံနေရတဲ့ မိုင်းဆတ်ကျေးရွာက စစ်ရှောင်တွေရဲ့ နေအိမ်တွေ ဖောက်ထွင်း ခိုးယူခံနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က ရွာခံတွေရဲ့ နေအိမ် ၆ အိမ်ထက်မနည်း ဖောက်ထွင်းခံရပြီး ဆန် ၁၀ အိတ်ခန့်၊ ဆား၊ ဆီနဲ့ အုတ်တွေအပြင် ဆိုင်ကယ်တွေရဲ့ ဘီးတွေပါ ဖြုတ်ခိုးသွားတယ်လို့ မိုင်းဆတ်ရွာခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
“ဆိုင်ကယ်တွေရဲ့ ဘီးကို ဖြုတ်ပြီး ခိုးသွားတာလည်းရှိတယ်။ တော်တော်ဆိုးတယ်။ ရွာခံတွေ ရှောင်တဲ့ချိန် အိမ်ကို ဝင်ခိုးတာ အရင်က တစ်ခါမှ မဖြစ်ဖူးဘူး။ ဘိန်းစားတွေလား ဘယ်သူတွေ ခိုးလဲတော့ ဘယ်သူမှ မမြင်ဘူး” လို့ သူကပြောပါတယ်။
နေအိမ်တွေကို ဘယ်သူ ဖောက်ထွင်း ခိုးယူတယ်ဆိုတာ မသိရှိရပေမယ့် ရွာထဲမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ရှိသလို ရွာဘုန်းကြီးဝန်းထဲမှာ စစ်ကောင်စီတပ်စွဲ လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ နမ့်ကတ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ စစ်ရေး တင်းမာနေပေမယ့် နေအိမ် ဖျက်ဆီးပြီး ပစ္စည်းတွေ ခိုးယူခံနေရတာကြောင့် ရွာကို ပြန်ချင်တယ်လို့ စစ်ရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။
သာယာကုန်း ရပ်ကွက်မှာ စစ်ရှောင်နေတဲ့ နောက်ထပ် စစ်ရှောင် အမျိုးသမီး တစ်ဦးက “ကျမတို့ အိမ်ပြန်ချင်ပြီ။ အိမ်တွေလည်း ခိုးခံရပြီ။ ကျမအိမ်ဆို ဘာတွေခိုးခံရပြီမှန်း မသိဘူး။ ဒီမှာ တစ်ယောက်ပြီးတစ်ယောက် ဖျားနေပြီ” လို့ ဆိုပါတယ်။
လက်ရှိ နမ့်ခမ့်မြို့၊ သာယာကုန်းရပ်ကွက်မှာ စစ်ဘေးရှောင် ၁၁၆ ဦးရှိပြီး ကလေးနဲ့ သက်ကြီးရွယ်အိုတွေ တုပ်ကွေးဖြစ်ပြီး ဖျားနာနေတယ်လို့လည်း သူကပြောပါတယ်။
ဒါ့အပြင် မူဆယ်-နမ့်ခမ်းလမ်း၊ တုန်ခွမ်ကျေးရွာကနေ နမ့်ကတ်ရွာ၊ မိုင်းဆတ်ရွာနဲ့ မန်ကန်ရွာတွေမှာ တိမ်းရှောင် နေရတဲ့ စစ်ရှောင် ထက်ဝက်ခန့် တုပ်ကွေးဖြစ်ပြီး ဖျားနာတာကြောင့် အောက်တိုဘာလ ၃ ရက်နေ့က နေရပ် ပြန်သွားကြပါတယ်။
CJ-014
#MeKongNews
#မူဆယ်မြို့နယ်
#ဖောက်ထွင်း_ခိုးယူ
#စစ်ဘေးရှောင်








