မဲခေါင်၊ စက်တင်ဘာ ၂၆
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်နဲ့ မြို့အ၀င်အထွက်လမ်းတွေမှာ စစ်ကောင်စီတပ်က ဂိတ်အများအပြား ဖွင့်ထားပြီး အကြောင်းအမျိုးမျိုးပြ ငွေတောင်း နေတယ်လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လွိုင်ကော်မြို့ပေါ် က ဌာနဆိုင်ရာ ရုံးတစ်ချို့ရှေ့နဲ့ မြို့အ၀င် အထွက် လမ်းတွေပေါ်မှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ် ၇ ခုထက်မနည်း ချထားပြီး ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ ငွေတောင်းခံနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အမျိုးမျိုး ပြောတောင်းတာပဲ။ ကား၊ ဆိုင်ကယ်နဲ့လာရင် လူပုံစံကြည့်ပြီး ကြောက်တတ်ရင် ပါးစပ်ထဲရှိတာ လျှောက်ပြော တောင်းတယ်။ ပစ္စည်းတွေသယ်လာရင်လည်း ဘာလုပ်မလို့လဲ ဆိုပြီး ရစ်တောင်းတယ်။ နောက်ဆုံး တောင်ယာထွက်ဟာလေး မြို့ထဲ လာပို့ရောင်းရင်တောင် တစ်အိတ်ဘယ်လောက်ဆိုပြီး တောင်းသေးတယ်” လို့ မြို့ခံ တစ်ဦးက ရှင်းပြပါတယ်။
စစ်ကောင်စီတပ်သားတွေက ကား၊ ဆိုင်ကယ်ပေါ် မူတည်ပြီး ငွေကျပ် ၅,၀၀၀ ကနေ ၂၅,၀၀၀ အထိ တောင်းခံသလို သီးနှံ၊ ကုန်ပစ္စည်းပေါ် မူတည်ပြီး အကန့်အသတ်မရှိ တောင်းခံနေတယ်လို့ဆိုပါတယ်။
ကား၊ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ လိုင်စင် စာရွက်စာတမ်းတွေကို စစ်သားတွေက တောင်းယူ စစ်ဆေးနေပြီး ပြည့်စုံပါကလည်း လက်ဖက်ရည်ဖိုး ဆိုကာ အနည်းဆုံး ၁,၀၀၀ ကျပ် တောင်းတယ်လို့ နောက်ထပ်ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီလို စစ်ကောင်စီတပ်က ဂိတ်အများအပြားချပြီး စစ်ဆေးငွေတောင်းနေတာကြောင့် ပြည်သူတွေ အနေနဲ့ စိတ်မလုံခြုံမှုတွေ ခံစားနေရပြီး ငွေကုန်ကြေးကျမှု များနေတယ်လို့ သိရပါတယ်။
MK-007
#MekongNews
#လွိုင်ကော်မြို့
#စစ်တပ်ဂိတ်
#ငွေတောင်း








