မဲခေါင်၊ ဩဂုတ် ၁၇
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာ၊ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ဂိတ် အနီးမှာ သင်္ကန်း၀တ် တစ်ဦးက အမျိုးသမီး တစ်ဦးရဲ့ ဆိုင်ကယ်ကို လုယက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်မှာ ဘုန်းကြီး ဟန်ဆောင်ထားတဲ့ အမျိုးသား တစ်ဦးဟာ မှော်ဘီကျေးရွာ လမ်းဆုံရှိ ဓာတ်ဆီဆိုင်ထဲ ဝင်လာပြီး လေမှီးတောင်ရွာဘက်မှာ ဆိုင်ကယ် ပျက်သွားလို့ လိုက်ပို့ပေးဖို့ အကူအညီ တောင်းတာကို လိုက်ပို့ပေးစဉ် လမ်းတစ်ဝက်မှာ အဆိုပါ ဘုန်းကြီး ဟန်ဆောင်ထားသူက ဆိုင်ကယ် လုယက် မောင်းပြေးသွားတာ ဖြစ်ပါတယ်။
“လမ်းဆုံမှာရှိတဲ့ ဆိုင်ကို အကူအညီ လာတောင်းတာ။ ဆိုင်ရှင်ကလည်း ဘုန်းကြီး ဆိုတော့ ကူညီပေးလိုက် တာပေါ့။ အဲ့ဒါ လမ်းတစ်ဝက် ရောက်တော့ ဘုန်းကြီးက သူ့ကို ဆိုင်ကယ်ပေါ်ကနေ တွန်းချပြီး ဆိုင်ကယ် မောင်းပြေးသွားတာ။ လူကို ဘာမှ လုပ်မသွားတာဘဲ ကံကောင်းတယ် ပြောရမယ်။ ဘုန်ကြီး ဟန်ဆောင်ထားတဲ့ လူက အသက် ၄၀ အရွယ်လောက်ရှိတယ်” လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဆိုင်ကယ် လုယက်ခံရတဲ့ မှော်ဘီကျေးရွာ အနီးမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေ တပ်စွဲထားပေမယ့် ပေါ်ပေါ်ထင်ထင် လုယက်သွားတာလို့ ဆိုပါတယ်။
“မှော်ဘီရွာနဲ့ မလှမ်းမကမ်းက တံတားပေါ်မှာ စစ်ကောင်စီဂိတ်လည်းရှိတယ်။ ပြီးတော့ မှော်ဘီမှာလည်း PNO တွေ အမြဲလိုလို ရှိနေတာပဲ။ ဒါလည်း အလုခံရတာပဲ။ ဒီခေတ်က ဘယ်သူ့ကိုမှ မယုံသင့်တော့ဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲ့ဒီလို လုယက်ခံရလို့ လမ်းပေါ်က ဆိုင်ကယ်တွေကို တားပြီး လုယက်တဲ့ သူနောက် လိုက်ခဲ့ပေမယ့် ပြန်မတွေ့တော့ဘဲ ဆိုင်ကယ် ဆုံးရှုံးသွားတယ်ပါတယ်။
လုယက်ခံရတဲ့ ဆိုင်ကယ်ဟာ Honda Wave 110 အမျိုးအစား ဖြစ်ပြီးတော့ ဝယ်ထားတာ တစ်နှစ်ကျော်သာ ရှိသေးတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ခိုးဆိုးလုယက်မှုတွေ ပိုများလာသလို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ပျူစောထီးတွေက လူထုကို ဖမ်းဆီးငွေညှစ်တာတွေ မကြာခဏ ပြုလုပ်နေပါတယ်။
CJ-002
#MeKongNews
#ညောင်ရွှေမြို့နယ်
#PNO_ပြည်သူ့စစ်
#ဘုန်းကြီး








