မဲခေါင်၊ သြဂုတ် ၂
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့ အိုရီယမ်တယ် တိုးဂိတ် အနီးမှာ ၂ ရက်အတွင်း ကျပ်သိန်း ၃၅၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့၊ ည ၉ နာရီခွဲကျော်က နောင်ချိုမြို့အဝင် အိုရီယမ်တယ်တိုးဂိတ် အနီး လှမျိုးအောင် မောင်းနှင်လာတဲ့ TOYOTA COROLLA ကားကို စစ်ဆေးရာ ကာလပေါက်ဈေး ကျပ်သိန်း ၂၅၀ တန်းဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြားနဲ့ လက်ကိုင်ဖုန်း တစ်လုံး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ သြဂုတ်လ ၁ ရက်နေ့၊ မနက် ၁၀ နာရီခွဲက အိုရီယမ်တယ်တိုးဂိတ် အနီးမှာ လှိုင်မိုး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရှာဖွေရာ ဆိုင်ကယ် အတွင်းမှ ကာလပေါက်ဈေး ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြားနဲ့ လက်ကိုင်ဖုန်း တစ်လုံးတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားများနဲ့ စပ်လျဉ်းပြီး လှမျိုးအောင်နဲ့ လှိုင်မိုး တို့ ၂ ဦးကို နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေး နေတယ်လို့ သတင်းရရှိပါတယ်။
MK-005
#MekongNews
#နောင်ချို
#အိုရီယမ်တယ်တိုးဂိတ်
#စိတ်ကြွရူးသွပ်ဆေးပြား








