နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များ နေပြည်တော်နှင့် မန္တလေးတွင် ကယ်ဆယ်ရေး စတင်
မဲခေါင်၊ မတ် ၃၀
နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်ဒဏ်ပြင်းထန်ခံစားခဲ့ရသည့် နေပြည်တော်နှင့် မန္တလေးမြို့တွင် ပိတ်မိနေသူများအား ကူညီကယ်ဆယ်ရေးများ စတင်နေပြီဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့ (မတ် ၃၀) ထုတ်ပြန်သည်။
စင်ကာပူနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ (SCDF) သည် နေပြည်တော် ပြိုကျအဆောက်အဦးအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်နေပြီး တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ၅၀ သည် မြေအောက်သို့ကျွံဝင်နေသည့် မန္တလေးမြို့ Sky Villa ကွန်ဒိုတွင် ပိတ်မိသူများအား ကယ်တင်နေသည်။
အိန္ဒိယနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ အင်အား ၃၅ ဦးသည် မန္တလေးမြို့ Great Wall Hotel အဆောက်အဦးပြိုကျမှုတွင် ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေပြီး ဟောင်ကောင်ကူညီကယ်ဆယ်အဖွဲ့ဝင် ၅၅ ဦးသည်လည်း မန္တလေးမြို့ ဦးလှသိန်းသာသနာ့ဗိမာန်အဆောက်အဦး ပြိုကျပျက်စီးမှုတွင် ကူညီနေသည်။
ကူညီကယ်ဆယ်မှုအားလုံးတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ရုရှားနှင့် အမေရိကန်နိုင်ငံတို့အပါအဝင် နိုင်ငံတကာမှ ကူညီမည်ဟု ပြောဆိုထားသလို တချို့နိုင်ငံများမှ ကူညီရေးပစ္စည်းများ ရောက်ရှိနေပြီဖြစ်သည်။
ထိုသို့ ကူညီရေးပစ္စည်းများနှင့် ငွေကြေးများထောက်ပံ့ရာတွင် ပြည်သူကို သတ်ဖြတ်နေသည့် စစ်ကောင်စီသို့ တိုက်ရိုက်မပေးရန်အတွက် တောင်းဆိုမှုများရှိသည်။
လက်ရှိတွင် ပြင်းထန်ငလျင်ကြောင့် သေဆုံးသူ ၁၆၀၀ ကျော်အထိ မြင့်တက်လာပြီး ပျောက်ဆုံးနေသူ ထောင်ချီရှိသည်။ ဒဏ်ရာရရှိသူများပြားလွန်းတာကြောင့် ဆေးရုံများလည်း မနိုင်မနင်းဖြစ်နေသည်။
ငလျင်ဒဏ်ကို ပြင်းထန်ခံစားရသည့် စစ်ကိုင်းမြို့သို့ ကူညီရေးအဖွဲ့များ မရောက်သလို ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်ခံထားရသောကြောင့် အဆက်အသွယ်များ ပြတ်တောက်နေသည်။ စစ်ကိုင်းမြို့သည် ၈၀ ရာခိုင်နှုန်း ပျက်စီးသွားကြောင်း သိရသည်။
ပြင်းထန်ငလျင်ကြောင့် သမိုင်းဝင်အဆောက်အဦ ၈၀ ကျော် ပျက်စီးသွားသည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။ NUG လက်အောက်ခံ ပကဖ၊ ပအဖ အဖွဲ့များသည်လည်း စစ်ကိုင်းတိုင်းအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။
#MeKongNews









