အောင်လင်းဒွေး၏ တူတော်စပ်သူ ကျားဖြန့်မှုဖြင့် ဖမ်းခံရသည့် ရမခတိုင်း စစ်ဦးစီးချုပ်ကို စစ်ကောင်စီ ပြန်လွှတ်
မဲခေါင်၊ မတ် ၇
ကျားဖြန့် ငွေလိမ်ဂိုဏ်းကိစ္စဖြင့် တရုတ်၏ သတင်းပေးပို့မှုကြောင့် ဖမ်းဆီးခံထားရသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကို စစ်ကောင်စီက မတ်လ ၃ရက်က ပြန်လွှတ်လိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြန်လွတ်လာသည့် တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးမှာ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး၏ တူတော်စပ်သူဖြစ်ပြီး ယင်းအတွက်ကြောင့် ပြန်လွှတ်ခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်များက သုံးသပ်သည်။
“မင်းအောင်လှိုင်ရုရှားသွားလို့ မရှိတဲ့အချိန် နောက်က အောင်လင်းဒွေးအနေနဲ့ ပြန်လွှတ်ပေးတာ ဖြစ်နိုင်တယ်။ သူကအတွင်းရေးမှူးပဲလေ၊ လုပ်ရဲမှာပေါ့။ ဒါပေမယ့်တရုတ်က ပေးတဲ့ သတင်းအရ ဖမ်းတာဖြစ်လို့ တရုတ်ကိုတော့ ဖြေရှင်းရလိမ့်မယ်” ဟု သတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။
ဗိုလ်ချုပ်မှူးကြီးထွန်းနိုင်စိုးကို ဖေဖော်ဝါရီလ ၂၁ ရက်က ဗထူးတပ်၌ပြုလုပ်ခဲ့သော ဗိုလ်လောင်းသင်တန်း အပတ်ဥ် ၁၂၈ ဆင်းပွဲတွင် ရမခတိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်းအပါအဝင် အရာရှိ ၄ဦးနှင့်အတူ ဖမ်းဆီးခဲ့ရာမှ မတ်လ၃ရက်တွင် ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။
“အောင်လင်းဒွေးနဲ့တူတော်လို့ ဖြစ်နိုင်တယ်။ ပထမတော့ တရုတ်ပေးလို့ဖမ်းတယ်ဆိုပေမယ့် မျက်နှာကြီးရာ ဟင်းဖတ်ပါ၊ အောင်လင်းဒွေးကို မကျော်ရဲလို့ စစ်ဆေးပြီးမဟုတ်ဘူးဆိုပြီး ညှိလိုက်တဲ့သဘောပဲ”ဟု CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုသည်။
၁၀၂၇ စစ်ဆင်ရေးဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ ကျားဖြန့်လုပ်ငန်းများကို မဖြစ်မနေနှိမ်နင်းလာရပြီး ၎င်း၏ အရာရှိများ၊ ဝန်ကြီးများကို ဖမ်းဆီးပြခဲ့သည်။ ယင်းထဲတွင် စစ်ကောင်စီကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ လောက်ကိုင်ဒကစမှူး ဗိုလ်ချုပ်ဇော်မင်း၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့ ပါဝင်ခဲ့သလို စစ်ကောင်စီနှင့် မဟာမိတ်ဖြစ်သည့် ယခင်ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့မှ ခေါင်းဆောင်းပိုင်းများကိုလည်း တရုတ်သို့ လွှဲပြောင်းပေးခဲ့သည်။
#MeKongNews








