၂၈ ရက်အတွင်း ရှမ်းပြည်မှထွက်သော ကျပ် ၁၁၂ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ထုတ်လုပ်သူများကို ဖမ်းဆီးနှိမ်နင်းနိုင်ခြင်း မရှိသေး
မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်အတွင်း ယခုလ ၁ ရက်မှ ၂၈ ရက်အထိ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် သတင်းမှတ်တမ်းများအရ ကျပ် ၁၁၂ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိသည်။
၂၆ ရက်တွင် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းတွင် စိုင်းပညာ(ခ)စိုင်းညာ(ခ)အိုက်ညာ နှင့် စိုင်းမြင့်သိန်း(ခ)အိုက်အောင်တို့အား ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။
ထိုနေ့ညပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့၊ အမှတ်(၅)ရပ်ကွက်၊ နမ့်စန် – မိုးနဲသွားကားလမ်း၌ ခွန်မောင်လံ(ခ)လုံးလံဆိုသူ မောင်းနှင်လာသည့် ကားပေါ်၌ ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြား၊ ကျပ် ၄၅,၀၀၀ ဖမ်းဆီးရမိခဲ့သည်။
၂၄ ရက်တွင် ရှမ်းပြည်နယ်ကလောမြို့မှ ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား အား မင်္ဂလာဒုံမြို့တွင် မခင်ဆွေမြင့်ဆိုနှင့်အတူ ဖမ်းဆီးရမိသည်။
၎င်းဖော်ထုတ်ချက်အရ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာရှိ မသူဇာဆိုသူဆိုသူအား နေအိမ်အတွင်း ကျပ်သိန်း ၁၅၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၈၀၀ ပြားအားထပ်မံဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်ရောင်းဝယ်ရာ၌ပါဝင်သူ သန်းဇော်ဉီးဆိုသူအား ရန်ကုန်မြို့၊ သန်လျင်မြို့ဟောင်းအနောက်ရပ်ကွက်တွင် ဖမ်းဆီးနိုင်ခဲ့သည်။
၂၃ ရက် နံနက်ပိုင်း ၁၀ နာရီခန့်တွင် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၌ မုန်းမုန်း(ခ)ဇော်ဦး မောင်းနှင်လာသည့် ကားပေါ်၌ ငွေကျပ်သိန်းပေါင်း ၂,၆၄၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၄ ကီလိုအားဖမ်းမိသည်။
၂၃ ရက်၊ နေ့လယ်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့ ရှုခင်းသာ(၁)ကျေးရွာအနီး ၌ လမ်းလျှောက်လာသူ ကျဒဆိုသူ၏ခန္ဓာကိုယ်ပေါ်၌ ငွေကျပ် ၁၂ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂,၀၀၀ ပြားဖမ်းဆီးရမိသည်။
၂၂ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ပါကွေ့(အောက်)ကျေးရွာအနီး ဘာဘင်(ခ)အားဘူ ဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ် ၁၆၈ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း အလေးချိန် ၂၄ ကီလိုအား ဖမ်းဆီးရမိခဲ့သည်။
၂၁ ရက်၊ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်း၌ စိုင်းကျော်(ခ)အိုက်စိုင်းဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ်သိန်း ၅၂ သိန်း တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၃၅၀ ဂရမ်အား ဖမ်းဆီးရမိခဲ့သည်။
၎င်းနေအိမ်၌ ရှာဖွေရာ စိုင်းမောင်စိုင်း ဆိုသူနှင့်အတူ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၃ ကီလိုအား ထပ်မံဖမ်းဆီးရမိသည်။
၂၁ ရက်၊ ညနေပိုင်း၌ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ၀မ်တာပုံကျေးရွာအနီး မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ စိုင်းရီသန်းဆိုသူ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်၌ ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၅၀ ကီလိုအား ဖမ်းဆီးရမိခဲ့သည်။
၂၀ ရက်၊ နေ့လယ်ပိုင်းတွင်လည်း ရှမ်းပြည်၊ တောင်ကြီးမြို့ဘက်မှ ရန်ကုန်မြို့သို့ပို့ဆောင်မည့် ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြားအား လွမ်းဝေထွန်း ဆိုသူနှင့်အတူ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့သည်။
၁၄ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာအနီး ၌ ဧလိယဆိုသူနှင့် မလှလှငြိမ်း(ခ)ရိုဇေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်မှ ကျပ်သိန်း ၁၁၂ သိန်းတန်ဖိုးရှိ၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ သိမ်းဆည်းရမိသည်။
၁၃ ရက်၊ ည သန်းခေါင်ယံအချိန်တွင် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသောခရီးသည်ယာဉ်ပေါ်၌ မောင်ကျော်ဆိုသူ၏ လက်ဆွဲခြင်းအတွင်းမှ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၀၀၀၀ သာစည်မြို့၊ကျွဲတပ်ဆုံဂိတ်တွင်ဖမ်းဆီးရမိသည်။
၁၃ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင် လီထေ့(ခ)လီထောင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ်သိန်း ၇၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၀၀၀၀ ပြားအားဖမ်းဆီးရမိခဲ့သည်။
၁၂ ရက်၊ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မဟုန်လွယ်ကျေးရွာအနီး တာချီလိတ်မြို့ဘက်မှ မိုင်းဆတ်မြို့ဘက်သို့ အောင်ကျော်စိုး(ခ)အားကျိန်န မောင်းနှင်လာသည့်ကားပေါ်၌ ကျပ်သိန်း ၃၇၂၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား အကြေမှုန့် ၉၃ ကီလိုဖမ်းဆီးရမိခဲ့သည်။
၁၂ ရက်၊ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ကုန်ပုတ်ကျေးရွာနေ အိုက်ထွန်း ၏ နေအိမ်အတွင်းမှ ကျပ်သိန်း ၁၂၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၅၀ ဖမ်းဆီးရမိသည်။
ထိုနေ့တွင်ပင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် ရပ်ကွက်(၂)၌ ရွှေအောင်စီးနင်းလာသည့်မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ်သိန်း ၂၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၀၀၀ပြားနှင့်၎င်းနေအိမ်မှာ ကျပ်သိန်း ၅၉ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၅၀၀ ပြားနှင့်ဘိန်းဖြူ ၂၀ ဂရမ်ဖမ်းမိသည်။
၁၀ ရက်၊ ညပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ၀မ်တာပုံကျေးရွာအနီး မိုင်းခတ်မြို့မှ ကျိုင်းတုံမြို့ဘက်သို့ အိုက်ခမ်းယွန်း မောင်းနှင်ပြီး မနန်းဆိုင်မို လိုက်ပါလာသည့်ကားပေါ်၌ ကျပ်သိန်း ၄၇၅၅ သိန်းတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်) ၁၈ ကီလိုနှင့် ကတ်တမင်း ၃၉ ကီလိုတို့ဖမ်းဆီးရမိသည်။
၉ ရက်၊ နေ့လယ်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်အနီး၌ ဇော်ထိုက်(ခ)ကပြား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်မှကျပ် ၂၈ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၀၀၀ပြားအားဖမ်းမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်အရ ၎င်းနေအိမ်တွင် ကျပ်သိန်း ၄၂ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆,၀၀၀ပြားအားဖမ်းမိခဲ့သည်။
ထိုနေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ မယ်ဆိုင်ရေချောင်းဘေးရှိ မျိုးအောင်(ခ)သားငယ်(ခ)ရှမ်းကုလား ၏ နေအိမ်၌ ကျပ်သိန်း ၉၂၀ တန်ဖိုးရှိ ဆေးပြား ၂၃၀,၀၀၀ ဖမ်းမိပြန်သည်။
၆ ရက်တွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ မြဝတီမြို့သို့သယ်ဆောင်ရောင်းဝယ်မည့် ကျပ်သိန်း ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း အား သာစည်မြို့ကျွဲတပ်ဆုံဂိတ်နှင့်ဘားအံမြို့ကားကြီးဝင်း၌ ရောင်းဝယ်သူ ခုနှစ်ဦးနှင့်အတူဖမ်းဆီးရမိခဲ့သည်။
၅ ရက်တွင် ညပိုင်း ရှမ်းပြည်တောင်ပိုင်းဘက်မှ မော်လမြိုင်သို့ မောင်းနှင်လာသော ခရီးသည်ယာဉ်ပေါ်၌ လိုက်ပါလာသူ မလှလှရီ၏ လက်ဆွဲအိတ်အတွင်းမှ ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၀,၀၀၀ ပြားအား ဖမ်းဆီးရမိသည်။
၃ ရက်၊ နေ့လယ်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံကျေးရွာအနီး၌ မိုင်းခတ်မှ ကျိုင်းတုံဘက်သို့ စိုင်းလုံဝန်း မောင်းနှင်လာသည့် ကားပေါ်၌ ကျပ်သိန်း ၅,၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၆၂ ကီလိုဖမ်းမိခဲ့ပြီး ကက်တမင်းများအား မိုင်းယန်းမြို့နယ်၊ မိုင်းဖျန်မြို့မှ မြန်မာ – ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်သည်ဟုဆိုသည်။
၂ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအနီး၌ စိုင်းအင်ကျောကနှင့်အိုက်ပျန်းဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ်သိန်း ၂၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြားအားဖမ်းမိခဲ့ပြီးနောက် ၎င်းင်း၏ထွက်ဆိုခက်အရ စိုင်းအင်ကျောက်၏ နေအိမ်အတွင်းမှ ကျပ် ၅၆၀၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ဖမ်းဆီးရမိသည်။
ထိုနေ့ ညနေပိုင်းတွင်လည်း ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၌ ရဲရင့်အောင် မောင်းနှင်ပြီး မလှလှမူ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ် သိန်း ၈၀ တန်ဖိူးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ပြားဖမ်းမိခဲ့သည်။
၁ ရက်တွင် ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့၊ ဝမ်ဟိုင်းဒေသမှ မူးယစ်ဆေးဝါးများအား မန္တလေးမြို့၌ ရောင်းဝယ်ဖောက်ကားနေသော မူးယစ်ဂိုဏ်းဝင် ခုနှစ်ဦးနှင့် ကျပ် ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်းကျော်၊ဘိန်းအဆီခဲများဖမ်းဆီးရမိသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့်ထားပြီး စိတ်ပြောင်းစေသော ဆေးဝါးဥပဒေများနှင့် အရေးယူသွားမည်ဟု CCDAC Myanmar က ထုတ်ပြန်သည်။
မြန်မာနိုင်ငံ ဒေသအသီးသီးသို့ဝင်ရောက်မည့် မူးယစ်ဆေးဝါးများသည် ရှမ်းပြည်အရှေ့ပိုင်းမှ အဓိကထွက်ရှိနေသော်လည်း ရောင်းဝယ်သုံးစွဲသူများကိုသာ စစ်ကောင်စီက ဖမ်းဆီးနေပြီး ထုတ်လုပ်နေသူများအား ဖမ်းဆီးနိုင်ခြင်း မရှိပေ။
မဲခေါင်မှ စောင့်ကြည့်ထားသောစာရင်းများအရ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၅ ရက်အထိ ရှမ်းပြည်နယ်တဝှမ်း ကာလငွေကျပ်သိန်းပေါင်း ၁၁၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ဂနိုက်
#MeKongNews








