ရွာလုံးကျွတ်မီးရှို့ခံရသည့် မင်းပလောင်ရွာ စစ်ရှောင်များ ကာကွယ်ဆေး၊ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လိုအပ်နေ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၆
စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ခဲ့သည့် ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်၊ မင်းပလောင်ရွာ စစ်ရှောင်များ ကာကွယ်ဆေး၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် အိုးခွက်များလိုအပ်နေသည်။
မီးလောင်ခဲ့သည့် နေအိမ်များကို အစားထိုး ပြန်လည်တည်ဆောက်နေထိုင်လျှင် စစ်ကောင်စီမှ ထပ်မံအန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် တောတောင်အတွင်းခိုအောင်းနေထိုင်ရာတွင် ခြင်ကိုက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်မည့် ရောဂါကာကွယ်ဆေးများ လိုအပ်သည်။
ထို့အပြင် မကြာမီ ရောက်ရှိလာမည့် နွေရာသီအတွက် သောက်သုံးရေရရှိရေးနှင့် မိုးရာသီအတွက် ကြိုတင့်ပြင်ဆင်နိုင်ရေး လိုအပ်ချက် များပြားနေသည်ဟု ထိုစစ်ရှောင်များကို တတ်နိုင်သမျှ ကူညီထောက်ပံ့နေသည့် ရွာငံ PDF ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ယနေ့ (ဖေဖော်ဝါရီ၂၆) မဲခေါင်ကိုပြောသည်။
၎င်းက “ ကျွန်တော်တို့ကူနေတာ တစ်လလောက်ရှိပြီ၊ အလှူရှင်တွေလည်း တတ်နိုင်သမျှကူနေကြပါတယ်၊ စပါးကျီကအစ မီးရှို့ခံထားရတာ၊ အိမ်ထောင်ကျပြီး အိမ်မခွဲသူတွေရော ၇၀၀ ကျော်ပါတယ်၊ လက်ရှိလိုအပ်နေတာတော့ ချက်ပြုတ်ဖို့ အိုးခွက်ပန်းကန်နဲ့ကာကွယ်ဆေးတွေပါ”ဟုပြောသည်။
အိမ်ခြေ ၁၇၉ ၊ အိမ်ထောင်စု ၁၉၉ စု၊ လူဦးရေ ၇၀၀ ကျော်ရှိသည့် မင်းပလောင်ရွာကို စစ်ကောင်စီက ယမန်နှစ်၊ ဒီဇင်ဘာတွင် မီးရှို့သဖြင့် ရွာလုံးကျွတ်မီးလောင်ခဲ့သည့် ဓနုတိုင်းရင်းသား ကျေးရွာဖြစ်သည်။
မဟာ
#MekongNews









