အမည်သာ နယ်ပြောင်းပြီး လူမပြောင်းသည့် မိုင်းတုံရဲစခန်းမှ အမည်ဆိုးဖြင့်ကျော်ကြားသူ နယ်ထိန်းရဲတပ်ကြပ် ဖမ်းဆီးစစ်ဆေးခံနေရ
မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
အမည်သာနယ်ပြောင်းခံရပြီး လူကပြောင်းရွှေ့ခြင်းမရှိသူ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့မ ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်ကို လိုင်စင်မဲ့ကားများသယ်ယူမှုနှင့် ကျိုင်းတုံပြည်နယ်ရဲတပ်ဖွဲ့ခွဲမှ တိုက်ရိုက် ဖမ်းဆီးစစ်ဆေးနေကြောင်း ရှမ်းပြည်နယ် ရဲရုံးနှင့် ဒေသခံများထံက သိရသည်။
၎င်းသည် ရဲတပ်ဖွဲ့၏ အရှိန်အဝါ၊ မိုင်းတုံခရိုင်ရဲမှူး၏ အရှိန်အဝါနှင့် လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ ခရီးသည်တင် ကားများထံမှငွေကြေးတောင်းယူခြင်း၊ တရားမဝင်ကိစ္စရပ်များဖြစ်သည့် သစ်မှောင်ခိုကားများ၊ လိုင်စင်မဲ့သယ်ဆောင်သောကားများနှင့်အခြားသော လိုင်စင်မဲ့သယ်ဆောင်သည့်ယဉ်များ၊ ဥပဒေအရ တားမြစ်ထားသည့် တခြားသော တရားမဝင်သယ်ဆောင်သည့်ပစ္စည်းများအပေါ် ငွေကြေးရယူကာ ခွင့်ပြုခြင်း၊ လုပ်ထုံးလုပ်နည်းနှင့်မညီသည့် ကိစ္စရပ်များကို ကျူးလွန်နေသူဖြစ်ကြောင်း ဒေသတွင်း၌ ကျော်ကြားသူဖြစ်သည်။
“ ကျွန်တော်တို့ ကားသယ်တာ တာကော်ဘက်နဲ့ တာဆန်းဘက်နှစ်ခုရှိတာ မိုင်းတုံဘက်ဆို သူပြီးမှပြီးတာ၊ ကျွန်တော်တို့ကားသမားတွေကိုဗျာ သူတောင်းတဲ့ငွေများလို့ လျော့ပေးဖို့ပြောတာ သူစီးထားတဲ့ ဖိနပ်နဲ့ပေါက်ခံခဲ့ရဖူးတယ်” ဟု တောင်ကြီးမှ ကားမောင်းသမားတစ်ဦးက ပြောသည်။
လုပ်ထုံးလုပ်နည်းနှင့်မညီသောကိစ္စရပ်များထဲမှ တစ်ခုဖြစ်သော ယခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်တွင် တာချီလိတ်မှ မိုင်းတုံကိုဖြတ်၍ သယ်ဆောင်သည့် လိုင်စင်မဲ့ကားများထံမှ ငွေတောင်းသည့်သတင်းကို မဲခေါင်မှ ဖော်ပြခဲ့ဖူးသည်။
ထိုသတင်းအချက်အလက်နှင့် စပ်လျဉ်း၍ ပြည်နယ်ခွဲ ရဲတပ်ဖွဲ့မှူးအမိန့်ဖြင့် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ အချုပ်ဖြင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း ရဲပြည်နယ်ရုံးနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ ဌာနဆိုင်ရာမှာ ခုလိုအမှုဖြစ်ရင် ဌာနအကြိုစုံစမ်းစစ်ဆေးတာ(D.E)(P.E) လုပ်တာထုံးစံပါ ၊ စစ်ဆေးနေစဉ်မှာတော့ ဘာတာဝန်မှမပေးဘူး၊ သက်သေခံအကျဉ်းချုပ်(သက်ချုပ်)လုပ်မှသာ ချုပ်တာ၊ ခုက အချုပ်ထဲထည့်ပြီး စစ်တယ်ဆိုတာကတော့ အမှုကြီးလို့ နေမှာ” ဟု တောင်ကြီးပြည်နယ် ရဲရုံးနှင့်နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။
၎င်း ရဲတပ်ကြပ်သည် လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယနယ်မြေတာဝန်ကျဖြစ်သော်လည်း ရှမ်းပြည်နယ်၊ အရှေ့ပိုင်းမိုင်းတုံခရိုင်ရဲရုံးတွင် ပြည်နယ် ရဲမှူး(G1)၏ အမိန့်ဖြင့် တွဲဘက်ထားသည်။
“ သူ့မှတ်တမ်းအရတော့ ၂၀၂၂မှာ တပ်ဖွဲ့ဝင်အချင်းချင်း အိမ်ပေါ်ကိုသေနတ်၊ ဓားတွေနဲ့တက်ရမ်းလို့ အချုပ်ချ ရာထူးတစ်ရစ်ပြုတ်ခဲ့ဘူးတယ်၊ နောက် ပြန်ရပြီး ပင်းတယပြောင်းရပေမယ့် အမည်ပဲရောက်တာလူ မပြောင်းရဘူး” ဟုပြောသည်။
၂၀၂၄ ခုနှစ်၊ မေလ၂၃ ရက်တွင်လည်း မူးယစ်ဆေးသုံးစွဲသူများကို သွားရောက်ခြိမ်းခြောက်စဉ် မှောက်ရက်အိပ်ခိုင်းပြီး မျက်နှာများကို ဘိနပ်ဖြင့်နင်း၊ သေနတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် မူးယစ်ဆေးသုံးစွဲသူများက သေနတ်ကိုလုယူကာ ပြန်လည်ရိုက်နှက်ခဲ့သောကြောင့် အပြင်းအထန်ဒဏ်ရာခဲ့ပြီး ဆေးရုံတက်ကုသမှုခံရဖူးသည်။
၎င်းသည် မိုင်းတုံ-တာဆန်းသွားလမ်း ၉ မိုင်ရွာ၌ ဇနီးသည်နှင့် အခြေချနေထိုင်ကာ ကိုယ်ပိုင်ကားဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်သည်များရှိခဲ့သည်ဟု ဒေသခံများအကြား ပြောဆိုမှုများရှိနေသူဖြစ်သည်။
ယခုလ ၂ ရက်ကစပြီး ကျိုင်းတုံနှင့်တာချီလိတ်မြို့များ၌ လိုင်စင်မဲ့ကားများကို ဖမ်းဆီးနေသကဲ့သို့ တောင်ကြီးမြို့၌လည်း ယာဉ်များကို စစ်ဆေးကာ လိုင်စင်မဲ့ကားဖြစ်ပါက တစ်ပါတည်း သိမ်းဆည်းနေကြောင်း သိရသည်။
#MeKongNews








