ကျားဖြန်လုပ်ငန်းမှ ပြည်ပသား ၄၀၅ ယောက် DKBA ထိန်းသိမ်းပြီး အမြန်လာခေါ်ကြဖို့ တောင်းဆို
မဲခေါင်၊ ဖေဖော်ဝါရီ ၁၉
ကရင်လက်နက်ကိုင် DKBA အဖွဲ့သည် ကျောက်ခက်ဒေသရှိ ကျားဖြန်လုပ်ငန်းများမှ ပြည်ပသား ၄၀၅ ယောက်ကို ခေါ်ထုတ်လာပြီး အစားအစာနှင့် လုံခြုံရေးအရ သက်ဆိုင်ရာမှ အပြန်ခေါ်ဆောင်ကာ နေရပ်ပြန်ပို့ရန်လိုအပ်ကြောင်း ဖေဖော်ဝါရီ ၁၉ တွင် ထိုင်းမီဒီယာထံ DKBA အမှတ် (၁) စစ်ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စိုင်းကျော်လှက ပြောသည်။
D.K.B.A သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျောက်ခက်မှ တစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ နိုင်ငံပေါင်း ၂၀ မှ နိုင်ငံခြားသား ၂၆၁ ယောက်ကို လွှဲအပ်ပေးခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့ ထိန်းချုပ်နယ်မြေ ကျောက်ခက်၊ ဝေါ်လေ စသည့်ဒေသများမှ ကျားဖြန်လုပ်သား နောက်ထပ် ၄၀၅ ယောက်ကို စုဆောင်းခေါ်ဆောင်ထားသည်မှာ တစ်ပတ်ရှိပြီဖြစ်ပြီး ထိုင်းဘက်မှ လက်ခံပြီး နေရပ်ပြန်ပို့ရေး နှောင့်နှေးနေသဖြင့် မြန်မာစစ်ကောင်စီနှင့် ညှိနှိုင်း တိုင်ပင်ကာ အဆိုပါ နောက်ထပ် ၄၀၅ ယောက်ကို နေရပ်ပြန်ပို့ရေး မြ၀တီသို့ ပို့ဆောင်ပြီး ထပ်မံ စီစဉ်နေရ ကြောင်း၊ မိမိတို့အတွက် အဆိုပါ ၄၀၅ ယောက်ကို စောင့်ရှောက်ကျွေးမွေးထားဆဲဖြစ်ကာ ပြန်မခေါ်သေးဘဲ ရက်ကြာရှည်စွာ သောင်တင်နေခဲ့လျှင် စားနပ်ရိက္ခာနှင့် လုံခြုံရေးအာမခံချက်မပေးနိုင်သည့် အခြေအနေကြုံ နိုင်သောကြောင့် အမြန်နေရပ်ပြန်ပို့ရေး စီစဉ်ပေးဖို့လိုကြောင်း ဗိုလ်မှူးချုပ် စိုင်းကျော်လှက ထိုင်း The Reporters မီဒီယာထံ ပြောကြားခဲ့သည်။
အဆိုပါ ၄၀၅ ယောက်တွင် ဖိလစ်ပိုင် ၂၁ ယောက်၊ အီသီယိုးပီးယား ၉ ယောက်၊ ကင်ညာမှ ၃၆ ယောက်၊ ယူဂန္ဓာမှ ၂၁ ယောက်၊ လာအိုမှ ၁၃ ယောက်၊ လိုင်ဘေးရီးယားမှ ၅ ယောက်၊ ကင်မရွန်း ၂ ယောက်၊ သီရိလင်္ကာမှ ၁၃ ယောက်၊ ဂါနာမှ ၄ ယောက်၊ နိုင်ဂျီးရီးယားမှ ၄ ယောက်၊ အိန္ဒိယမှ ၁ ယောက်၊ ဆီရာလီယွန်မှ ၅ ယောက်၊ နီပေါမှ ၄ ယောက်၊ အင်ဒိုနီးရှားမှ၁၆ ယောက်၊ ပါကစ္စတန်မှ ၉ ယောက်၊ ဘူရန်ဒီမှ ၂ ယောက်၊ ရဝမ်ဒါမှ ၆ ယောက်၊ မလေးရှားမှ ၁ ယောက်၊ ဇင်ဘာဘွေမှ ၃ ယောက်၊ ဘင်္ဂလားဒေ့ရှ်မှ ၃ ယောက်၊ မာလဝီမှ ၃ ယောက် ဖြစ်ကြောင်း သိရသည်။
ကိုကလင်း
Ref: The Reporters
#MeKongNews









