ကျားဖြန့်များ မိုင်းဆတ်၊ မိုင်းတုံဘက်သို့ ရွှေ့ပြောင်းလာနေသည့်အတွက် ဒေသခံများ စိုးရိမ်နေ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၇
တာချီလိတ်မြို့အပါအဝင် နေရာအနှံ့မှ ကျားဖြန့်လုပ်ငန်းများ မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းလာနေသည့်အတွက် ထိုင်းဘက်မှအရေးယူမှုများ ကြာရှည်ကာ နယ်မြေမတည်ငြိမ်ဖြစ်မည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း ကျားဖြန့် အဓိကလုပ်နေသူများကို အဖမ်းပြနေသည့်အတွက် အမှန်တစ်ကယ်လုပ်နေသူများသည် မိုင်းဆတ်မြို့နယ်၊ ပူနားကိုနှင့် မိုင်းတုံမြို့နယ်၊ မိုင်းကျွတ်ဘက်သို့ ပြောင်းရွှေ့လာနေသည်ဟု ဒေသခံများက မဲခေါင်ကို ပြောသည်။
“အခုမိုင်းဆတ်မှာလည်း ကျားဖြန့်ဂိုဏ်းလုပ်ဖို့ စီစဥ်နေတယ်။ တရုတ်သုံးယောက်ခိုးဝင်လာပြီးနေရာရှာနေပါတယ်။ တရုတ်လူမျိုး သုံးယောက်ခေါ်လာပေးတာက ဆေးတပ်ဗိုလ်ကြီးကြည်ခိုင်ဝင်းက တစ်ယောက်ကိုဘတ်ငွေသုံးသောင်းနဲ့ခေါ်ပေးလာတာပါ။ အိုင်ဒေါKTV မှာအခန်းငှားနေပါတယ်။ တစ်ခန်းကို တစ်လဘတ်ငွေသုံးသောင်းပေးမယ်ဆိုပြီး ညှိနေပါတယ်။ အဓိကတပ်တွေကပါနေတယ်”ဟု မိုင်းဆတ်ဒေသခံတစ်ဦးက ပြောသည်။
ယခု ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရန် စီစဉ်နေသူများထဲတွင် တာချီလိတ်၊ မိုင်းဆတ်သွားကားလမ်းရှိ မိုင်းတွမ်းအုပ်စု၊ ပူနားကိုမှ လားဟူပြည်သူ့စစ်သူဌေးနှစ်ဦးပါနေပြီး ၎င်းတို့မှာ တြိဂံဒေသစစ်တိုင်းမှူးထိပေါက်ရောက်သူများ ဖြစ်ကြောင်း၊ မိုင်းဆတ်မြို့ရှိ အိုင်ဒေါ KTV ပိုင်ရှင်ဦးနော်ရှဲ၏ သားရဲကိုကိုနှင့် အစုစပ်လုပ်ရန် ညှိနှိုင်းနေကြကြောင်း သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောသည်။
ပူနားကိုရွာမှာ ပြင်ပလူအဝင်မခံကန့်သတ်ထားသည့် သီးခြားနေရာဖြစ်ပြီး ၎င်းအနီးတစ်ဝိုက်တွင် ယခင်က မူးယစ်ဆေးဝါးအမြောက်အများ ဖမ်းဆီးရမိမှုများရှိခဲ့သည်။
ရှမ်းပြည်အရှ့ပိုင်း မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်များအတွင်းသို့ ယခုလပိုင်းအတွင်း တရုတ်လူမျိုးများ အမြောက်အများဝင်ရောက်နေပြီး ရွှေနှင့် သတ္တုများလည်း တရားမဝင်တူးဖော်နေကြကြောင်း မိုင်းဆတ်မြို့နယ်၊ မယ်ဆွယ်မြောက်နေသူတစ်ဦးက ပြောသည်။
မိုင်းတုံမြို့နယ်၊ ထိုင်းနယ်စပ်ဖက်ရှိ ပုံပါကျင်မြို့၊ မိုင်းကျွတ်ကျေးရွာသို့ တာချီလိတ်-မိုင်းဆတ် သွားကားလမ်းပေါ်ရှိ လွိုင်ဆမ်ဆွန်ကိုဖြတ်ကာ တရုတ်လူမျိုးဦးရေရာချီ သွားနေကြောင်း ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးခဲ့ဘူးသူ တစ်ဦးက မဲခေါင်ကိုပြောသည်။
ယင်းမိုင်းကျွတ်ကျေးရွာမှာ ထိုင်းနယ်စပ်မှ ကီလိုမီတာ အနည်းငယ်သာ ကွာလှမ်းပြီး ထိုင်းဖုန်း၊ အင်တာနက်များရရှိပြီး မကြာသေးမီလပိုင်းအတွင်းက စစ်တပ်ပိုင် MYTEL မှ ဆက်သွယ်ရေးအထိုင်စက်များ၊ တိုင်များ သွားရောက်စိုက်ထူလျက်ရှိသလို မီးစက်အကြီးစားများလည်း သယ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
‘အခြားနိုင်ငံခြားသားတွေတော့ မသိဘူး။ တရုတ်တွေကတော့ သွားတာ မြို့တွေကမဖြတ်ဘူး။ ဖြစ်နိုင်တာက ဆန္ဒအရကိုယ်တိုင်လုပ်ကြတာဖြစ်နိုင်တယ်။ ပြီးတော့ မိုင်းဆတ်နားမှာလုပ်နေတဲ့ကျောက်မီးသွေးသုံးတဲ့ ဓာတ်အားပေးစက်ရုံကလည်း လည်တော့မှာဆိုတော့လေ” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံက ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှိမ်နင်းရန် ဒုတိယပိုင်းအဖြစ် ဇင်ယော်စစ်ဆင်ရေး စတင်ပြီးနောက် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချနေသည့် လျှပ်စစ်မီးနှင့် လောင်စာဆီအပါအဝင် ဆက်သွယ်ရေးလုပ်ငန်းသုံး ကုန်ပစ္စည်းအချို့ကို ပိတ်ပင်လိုက်သည်။
ယင်းသို့ဖြတ်တောက်ပြီးနောက် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် BGF ခေါင်းဆောင် စောချစ်သူဦးဆောင်ပြီး ကျားဖြန့်လုပ်ငန်းနှိမ်နင်းရေးကို အကြီးအကျယ်ပြုလုပ်နေသလို ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်တွင်လည်း ကျားဖြန့်လုပ်ငန်းများကို လိုက်လံရှာဖွေကာ အွန်လိုင်းဂိမ်းလုပ်ငန်းများကိုပါ တပါတည်းဖမ်းဆီးနေသည်။
မဟာ
#MeKongNews








