မိုင်းဆတ်မြို့နယ်၌ စစ်မှုထမ်းအတွက် လာရောက်ဖမ်းဆီးပါက တူမီးဖြင့် ပြန်လည်တုန့်ပြန်မည်
မဲခေါင်၊ ဖေဖော်ဝါရီ၁၄
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပြည်သူ့စစ်မှုထမ်းထောက်ပံ့ရေးဟုဆိုကာ တစ်အိမ်လျှင် ကျပ် ၅၀၀၀၀ ကောက်ခံရာတွင် ငွေမပေးနိုင်သလို စစ်မှုလည်းမထမ်းချင်သူများက တူမီးသေနတ်ဖြင့်တုန့်ပြန်ရန် အစီအစဉ်ရှိကြသည်။
မိုင်းဆတ်မြို့နယ်၊ နောင်ဘိုရွာ၌ ဝင်ငွေနည်းမိသားစုများပြားသဖြင့် ကျပ် ၅၀၀၀၀ ပေးသွင်းရန် ခက်ခဲနေသူများကို ရပ်ကျေးအုပ်ချုပ်ရေးမှူးကယူခေါ်ကာ ဆင့်ခေါ်စာဖြင့်ခေါ်ယူခြင်း၊ သို့မဟုတ် မဲနှိုက်ခြင်း၊ သို့မဟုတ် ငွေထည့်ခြင်း စသည့်သုံးမျိုးကို နှစ်သက်ရာရွေးချယ်နိုင်သည်ဟုပြောကြောင်း ရွာသားတစ်ဦးကပြောသည်။
ခက်ခဲကြပ်တည်းသော်လည်း စစ်မှုမထမ်းလိုသူ အများစုက ရှာကြံကာ သတ်မှတ်ငွေသာ ပေးသွင်းကြသည်။
“ ရွာမှာက အိမ်ခြေ၄၀၀ ကျော်ရှိတာ၊ ကောက်ငွေ သိန်း၂၀၀ ကျော်ရတာ၊ ဘယ်လို သုံးတယ်ဆိုတာဘာမှ မသိရဘူး”ဟု ဒေသခံကပြောသည်။
ပြည်နယ်မှ စစ်မှုထမ်းခွဲတမ်း မပြည့်မီ၍ ဖိအားပေးခံသည့် မိုင်းဆတ်ကဲ့သို့မြို့နယ်များအနေဖြင့် ခွဲတမ်းပြည့်မီရေးအတွက် ရပ်ကွက်၊ ကျေးရွာများသို့ ဆက်လက်ဖိအားပေးနေသည်ဖြစ်ရာ အချို့သော တောင်ပေါ်ကျေးရွာများအနေဖြင့် အတင်းအကြပ် လာရောက်ဖမ်းဆီးပါက အဖမ်းမခံဘဲ ရိုးရာတူမီး လက်နက်များဖြင့် ခုခံ တုန့်ပြန်သွားမည်ဟု ပြောဆိုသည်။
“ အရင် လာခေါ်တုန်းကသိန်း ၃၀ ရမယ် ရှေ့တန်းမသွားရဘူးပြောတယ် ၊ ဘာမှမပေးတဲ့အပြင် ရွာကကလေးတွေ ခု ဘယ်ရောက်နေမှန်း မသိရဘူး၊ မေးလို့လည်း ဘာမှမဖြေဘူး၊ ဒီတခါတော့ လူတော့မပေးနိုင်ဘူး၊ တူမီးနဲ့ ဧည့်ခံဖို့ပဲရှိတော့တယ်” ဟုမိုင်းဆတ် တောင်ပေါ်ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်တစ်ခုအတွက် မြို့နယ်တစ်မြို့နယ်လျင် ငါးဦးနှင့်အထက် စုဆောင်းပို့ဆောင်နေကြရပြီး လူမရပါက စစ်မှုထမ်းတစ်ဦးအတွက်ပေါက်စျေး ကျပ်သိန်းတစ်ရာခန့်ရှိသည်။
သတ်မှတ်ငွေပေးသွင်းထားသော်လည်း စစ်မှုထမ်းကင်းလွတ်ခြင်းမရှိပဲ ဆင့်ခေါ်စာဖြင့်ခေါ်ခြင်း၊ မဲနှိုက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ ရာဇဝတ်မှုသေးကျူးလွန်သူများ၊ မူးယစ်ဆေးစွဲသူများကိုပါ ခွဲတမ်းပြည့်ရန် အဓမ္မလူသစ်စုဆောင်းနေကြကြောင်း သိရသည်။
မဟာ
#MeKongNews
#မိုင်းဆတ်မြို့နယ်
#ပြည်သူစစ်မှုထမ်း
#ထောက်ပံ့ရေး
#ကျပ်၅၀၀၀၀








