အပစ်အခတ်ရပ်စဲဖို့ အသင့်ရှိကြောင်းကြေညာထားသော်လည်း ဗုံးကြဲနေသည့် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်များကို တွေ့ဆုံဆွေးနွေးဖို့တိုက်တွန်းကြောင်း ထပ်မံပြောဆို
မဲခေါင်၊ ဖေဖေါ်ဝါရီ ၇
ဒေသတွင်းပြည်သူကို ငဲ့ကွက်သည့်အနေဖြင့် အပစ်အခတ်ရပ်စဲဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ချက်ဖြင့် အသိပေးထားသည့် TNLA ထိန်းချုပ်နယ်မြေကို နေ့စဉ်နီးပါး ဗုံးကြဲနေသည့် စစ်ကောင်စီက လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး တွေ့ဆုံဆွေးနွေးကြဖို့ ထပ်မံတိုက်တွန်းပြန်သည်။
လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းဖို့ တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးကြဖို့ ထပ်မံတိုက်တွန်းကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဖေဖေါ်ဝါရီ ၇ ရက်တွင်ကျရောက်သည့် (၇၈)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကိုပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းဖေါ်ပြသည်။
တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းစေဖို့ တွေ့ဆုံဆွေးနွေးကြဖို့တိုက်တွန်းကြောင်းကို အာဏာသိမ်းစစ်ခေါင်းဆောင်က မကြာခဏလူသိရှင်ကြားပြောလေ့ရှိသည်။
အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့အသင့်ရှိကြောင်းကို TNLA က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် ဒေသများကို ယနေ့အထိ စစ်ကောင်စီက ဗုံး ခြောက်ကြိမ် ကြဲခဲ့သည်။
ဗုံးကြဲနေသည့် စစ်ကောင်စီကို NUG ၏ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က “ စစ်ကောင်စီမှာ မြေပြင်တိုက်ခိုက်ရေးအင်အား မရှိတော့ဘူးဆိုတာတော့ သိသာထင်ရှားတဲ့အချက်ပဲ၊ ဒါကြောင့်လည်း သူအားသာတဲ့ လေကြောင်းနဲ့ အရပ်ဘက် စစ်ဘက် ပစ်မှတ်မရွေးတော့ပဲ မျက်ကန်းတစ္ဆေမကြောက် တိုက်နေတဲ့ သဘောပါ”ဟုပြောသည်။
အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်က ယခုသဝဏ်လွှာ မပို့မီတစ်ရက်ဖြစ်သည့် ယမန်နေ့( ဖေဖေါ်ဝါရီ ၆ )က နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့ကို လေးကြိမ်မြောက်အဖြစ် သပြေရေရပ်ကွက်ရှိ သံသရာအေးဘိုးဘွားရိပ်သာကို ဗုံးကြဲခဲ့သည်။
ထိုဖြစ်စဉ်၌ ကြံကားမောင်းနှင်လာသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့အသင့်ရှိကြောင်းကို TNLA က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပြီး ၄၅ ရက်မြောက်ဖြစ်သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်၊ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကောင်စီက ဗုံးအလုံး ၃၀ ဝန်းကျင် ကြဲခဲ့သည်။
ထိုဗုံးများသည် လူနေထိုင်ရာနှင့် အလှမ်းဝေးသည့် ကွင်းပြင်၌ ကျရောက်ပေါက်ကွဲသဖြင့် “ ခွေးအစစ်တစ်ကောင်ကလွဲပြီး ထိခိုက်မှုမရှိဘူး” ဟုဒေသခံတစ်ဦးကပြောသည်။
ထိုနောက် ယခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်၊ ညနေ ၃ နာရီမှာ ကျောက်မဲမြို့နယ်၊ ပန်ပေါက်ရွာ တိုးဂိတ်အနီးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သော်လည်း လူထိခိုက်သေဆုံးမှုအခြေအနေကို TNLA ကဖေါ်ပြမထားချေ။
ဇန်နဝါရီ ၂၁ ရက်၊ နေ့လည် ၂ နာရီခန့်မှာ နောင်ချိုမြို့ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီးကို ဂျက်ဖိုက်တာနှင့် ဗုံးနှစ်လုံးကြဲခဲ့ရာ ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ နေအိမ်တစ်လုံးနှင့် စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့သည်။
ဇန်နဝါရီ ၂၂ ရက်၊ မနက် ၁၁ နာရီ ၂၄ မိနစ်ခန့်တွင်လည်း နောင်ချိုမြို့ ရဲစခန်းနှင့် ပါရမီလက်ဘက်ရည်ဆိုင်အနီးကို ဗုံးနှစ်လုံးကြဲခဲ့ရာ ဒေသခံအမျိုးသမီးသုံးဦးနှင့် အမျိုးသားငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကာ နေအိမ်နှစ်လုံးနှင့် ရဲစခန်းထိခိုက်ပျက်စီးခဲ့သည်။
ဇန်နဝါရီ ၂၅ ရက်၊ နေ့လယ် ၁ နာရီ၊ ၂၅ မိနစ်နှင့် ၁ နာရီ ၂၉ မိနစ်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ကျောက်မဲ ဆေးရုံကို ဗုံးလေးလုံးကြဲချခဲ့ရာတွင် ဆေးကုသရေး CDM အမျိုးသမီးဝန်ထမ်းနှစ်ဦးနှင့် ဆေးကုသမှုခံယူနေသည့် လူနာအမျိုးသားတစ်ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရပြီး ဆေးရုံပျက်စီးခဲ့သည်။
ထိုဖြစ်စဉ်များ ဖြစ်ပွါးပြီးနောက်တစ်ရက် ဇန်နဝါရီ ၂၆ ရက်တွင် စစ်ကောင်စီ၏ လုပ်ရပ်ကိုရှုတ်ချကြောင်း TNLA ကထုတ်ပြန်သည်။ စစ်ကောင်စီအနေဖြင့် အရပ်သားများကို ဦးတည်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေခြင်းသည် နိုင်ငံတကာက တားမြစ်ထားသည့် စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်သလို တိုက်ပွဲကာလအတွင်း အရပ်သားများကို ကာကွယ်ရမည်ဆိုသော နိုင်ငံတကာ တားမြစ်ချက်ကို ပေါ်ပေါ် ထင်ထင်ကျူးလွန်နေခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာဖေါ်ပြထားသည်။
ရှုတ်ချကြောင်း ထုတ်ပြန်ပြီး နောက်တစ်ရက် ဇန်နဝါရီ ၂၇ ရက်တွင် ကျောက်မဲမြို့ကို ဒုတိယအကြိမ်အဖြစ် နေ့လယ် ၂ နာရီ၊ ၁၈မိနစ်ခန့်တွင်( ကျောက်မဲညဈေးတန်းနဲ့ ခရိုင်ရုံးကို) ဗုံးကြဲခဲ့ရာတွင် ဒေသခံ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကာ နေအိမ်အပါအဝင် အဆောက်အုံ ငါးလုံးပျက်စီးခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခများကြောင့် အခြေခံအဆောက်အဦများ ပျက်စီးသည့်အပြင် လူ့စွမ်းအား အရင်းအမြစ်များလည်း ပြုန်းတီးပြီး နိုင်ငံအင်အား လျော့နည်းလာသဖြင့် ယခုလို တိုက်တွန်းခြင်းဖြစ်သည်ဟု သဝဏ်လွှာ၌ဖေါ်ပြထားသည်။
#MeKongNews








