တာချီလိတ်သို့ လျှပ်စစ်ဓါတ်အားပေးနေသည့် လာအိုနိုင်ငံက ၁၇ မဂ္ဂါဝပ်လျှော့ချ
မဲခေါင်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ လျှပ်စစ်ဓါတ်အား ၃၀ မဂ္ဂါဝပ်ပေးပို့နေသည့် လာအိုနိုင်ငံက ၁၇ မဂ္ဂါဝပ် ယမန်နေ့(ဖေဖေါ်ဝါရီ ၆)က လျှော့ချလိုက်ကြောင်း တာချီလိတ် မီးလင်းရေးဦးဆောင်ကော်မတီကပြောသည်။
အခုလ၊( ဖေဖော်ဝါရီ ) ၅ ရက်၊ နံနက် ၉ နာရီက ထိုင်းဖက်မှ ကျားဖြန့်နှိမ်နင်းရေးအကြောင်းပြကာ လျှပ်စစ်အားဖြတ်တောက်လိုက်သဖြင့် လာအိုနိုင်ငံဖက်မှ လျှပ်စစ်အား ၃၀ မဂ္ဂါဝပ်ကို ရယူသုံးစွဲနေစဉ် ယမန်နေ့ ညနေပိုင်းတွင် ၁၇ မဂ္ဂါဝပ်လျှော့ချလိုက်သည်။
ရရှိသည့် ၁၃ မဂ္ဂါဝပ် ကို မြို့မီးလင်းရေးဦးဆောင်ကော်မတီက ၅ မဂ္ဂါဝပ်၊ မြို့မီးလင်းရေးကော်မတီရုံးခွဲက ၈ မဂ္ဂါဝပ်ဖြင့် ဦးစားပေးနေရာများကို ဖြန့်ဖြူးနိုင်ရေး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းတာဝန်ရှိသူများမှ စီစဥ်နေကြောင်း သိရသည်။
လျှပ်စစ်အားဖြန့်ဖြူးရာတွင် ဦးစားပေး( ၁ )အနေဖြင့်ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး ဌာနဆိုင်ရာရုံးများ၊ ရေသန့်၊ ရေခဲလုပ်ငန်းများ၊ဆက်သွယ်ရေး၊ဘဏ်လုပ်ငန်းများကိုပုံမှန်အပြည့်အဝပေးသွားရန် သတ်မှတ်ထားကြောင်း သိရသည်။
ဦးစားပေး(၂) အနေဖြင့် တည်းခိုခန်း၊ မိုတယ် နှင့် ဟိုတယ်များ၊ KTV နှင့် ကလပ်၊ ဘား အပါအဝင် စင်တင်ဖျော်ဖြေရေးစားသောက်ဆိုင်များကိုအလှည့်ကျစနစ်ဖြင့် သတ်မှတ်အချိန်နှင့်ပေးရန် သတ်မှတ်ထားကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ် ၁၁ ရပ်ကွက် နှင့် ကျေးရွာ ၇ အုပ်စု အတွက်ပါဝါမီတာမပါ သာမန်အိမ်သုံးမီတာများကို ပုံမှန်အတိုင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခင်ကရိုးရိုးအိမ်သုံးမီးတာ၂၂,၅၀၀ ကျော် ၊ ပါဝါမီတာ ၅၄၀ ကျော်၊ ထရန်စဖော်မာ ၆၀၀ ဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြုးပေးထားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိမှာ မီးကို စမ်းသပ်ပေးမည်ဖြစ်၍ မီးအားညှိချိန်များတွင် ဓါတ်အားပြတ်တောက်မှု ခေတ္တခဏရှိမည်ဖြစ်ကြောင်းနှင့် ပေးဝေမှုအဆင်ပြေပါက အားလုံးကိုအပြည့်အဝပေးနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရပါသည်။
“ ကိုယ်ပိုင် မလုပ်ခဲ့ပဲ သူတစ်ပါး အားကိုးခဲ့တာဟာအခု အဖြေပဲ၊ သူများလုပ်သမျှမခံရဖို့ တိုင်းပြည်ကို စီမံအုပ်ချုပ်သူတွေ လုပ်ပေးရမှာ၊ ခုတော့ သူတို့ လက်ခုပ်ထဲက ရေဖြစ်ရတာ၊ ရင်နာဖို့ကောင်းတယ်” ဟု တာချီလိတ် မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေမှာ တာချီလိတ်မြို့ခံများအနေဖြင့် လာအိုနိုင်ငံဘက်မှ ဓါတ်အားလုံးဝဖြတ်တောက်မည်ကို စိုးရိမ်နေကြပြီး လိုအပ် ချက်အတွက် မီးစက်များဖြင့်ဖြေရှင်းနိုင်ရန် ကြိုးပမ်းလာမှုများရှိနေသော်လည်း ထိုင်းဖက်မှ စက်သုံးဆီ လုံးဝ မရပါက အခက်အခဲကြီးစွာတွေ့ကြုံနိုင်မည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း သိရပါသည်။
မဟာ
#MeKongNews








