တောင်ကြီး ရွှေတောင်ရပ်ကွက် အုပ်ကြီးသန်းရွှေ သေနတ်ဝယ်သူအား ငွေပြန်မအမ်းဘဲ တိမ်းရှောင်နေ
မဲခေါင်၊ ဖေဖော်ဝါရီ ၄
တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက် အုပ်ကြီးဦးသန်းရွှေဟာ ရဲနဲ့စစ်တပ်ကိုပေါင်းပြီး မှောင်ခိုလက်နက်ရောင်းစားလျက်ရှိရာ သေနတ်ဝယ်သူက မကိုင်ရဲတော့သည့်အတွက် သေနတ်ပြန်ပေးလိုက််သော်လည်း ငွေပြန်မအမ်းဘဲ တိမ်းရှောင်နေကြောင်း သိရပါသည်။
ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပစ္စတိုသေနတ်တစ်လက်အား သိန်း၁၂၀ ဖြင့် အရပ်သားတစ်ဦးထံ ရောင်းချခဲ့ပြီး ဝယ်သူက သေနတ်ဆောင်မထားရဲသည့်အတွက် အုပ်ကြီးသန်းရွှေထံ သေနတ်ပြန်ပေးပြီး ငွေပြန်အမ်းပေးရန် သဘောတူခဲ့သော်လည်း ဦးသန်းရွှေက သေနတ်ကိုပြန်ယူကာ ပိုက်ဆံပြန်မအမ်းပေးဘဲ တိမ်းရှောင်နေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
“ တောင်ကြီးမှာအဆိုးဆုံးက ရွှေတောင်၊ စိန်ပန်း အုပ်ကြီးညီအစ်ကိုပဲ။ ရွှေတောင်အုပ်ကြီး သန်းရွှေအခြေအနေမကောင်းရင် ချမ်းမြ(ရပ်ကွက်)ထဲက အိမ်မှာသွားရှောင်တယ်” ဟု ၎င်းက ပြောသည်။
ရောင်းချသည့် သေနတ်မှာ သြစတြီးယားနိုင်ငံထုတ် GLOCK 26 Gen4 မော်ဒယ် ပစ်စတိုသေနတ်အမျိုးအစား ဖြစ်ပြီး ကျည်ဆံအချို့ပါ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဦးသန်းရွှေသည် ကြံ့ခိုင်ရေးပါတီ အလုပ်အမှုဆောင် တစ်ဦးလည်းဖြစ် မဘသခေါင်းဆောင်တစ်ဦးလည်းဖြစ်ကာ အာဏာသိမ်းပြီးချိန်တွင် စစ်တပ်၊ စရဖ နဲ့ ရဲတို့အလိုကျ တော်လှန်ရေးတက်ကြွလှုပ်ရှားသူများအား သတင်းပေးဖမ်းဆီးခိုင်းစေခြင်း၊ စစ်ကောင်စီက တရားဝင် စစ်မှုထမ်းမခေါ်ယူခင် ၂၀၂၄ ဇန်နဝါရီ အစောပိုင်းကတည်းက ရပ်ကွက်ထဲကလူငယ်တွေ လိုအပ်ရင် စစ်မှုထမ်းပေးရမည်ဟု လိုက်လံဆော်သြခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ယင်းကာလ မတိုင်မီကတည်းကပင် ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးရုံးမှာ သေနတ်အမျိုးစားစုံလင်စွာ ရောက်ရှိနေပြီး လက်နက်မှောင်ခိုရောင်းဝယ်မှု စခဲ့ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။
စစ်မှုထမ်းစာရင်းကောက်ခံရာတွင်လည်း ၎င်းရပ်ကွက်က အစောဆုံးစစ်သင်တန်းတက်ရပြီး ရှေ့တန်းအစောဆုံးတက်ခဲ့ရကြောင်း စစ်မှုမထမ်းလိုသူများကိုလည်း တစ်ယောက်လျှင် ၃လတကြိမ် ၈သောင်း-၁သိန်း ပေးဆောင်ခိုင်းထားကြောင်း သိရပါသည်။
နန်းမွန်း
#MeKongNews









