တရားဝင်ပြည်ပထွက်ခွါခွင့် ရပ်ဆိုင်းပြီးနောက် တရားမဝင်လမ်းကြောင်းကနေ ပြည်ပထွက်ခွါသူများပြားလာ
မဲခေါင်၊ ဖေဖော်ဝါရီ ၄
ပြည်သူ့စစ်မှုထမ်းစနစ်ဖေါ်ဆောင်နေသည့် စစ်ကောင်စီက စစ်မှုထမ်းအင်အားတိုးပွါးရေးအတွက် လူငယ် လူရွယ်များကို ပြည်ပထွက်ခွါခွင့် ရပ်ဆိုင်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ တရားမဝင်ကူးသန်းသူ များပြားလာပြီဖြစ်သည်။
ပြည်သူစစ်မှုထမ်းစနစ်အရ စစ်မှုထမ်းဖို့ကန့်သတ်အသက်ပြည့်မီသူများ ပြည်ပထွက်ခွါခွင့်ကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် ရပ်ဆိုင်းကန့်သတ်ကြောင်း စစ်ကောင်စီကထုတ်ပြန်ခဲ့သည်။
ပြည်ပထွက်ခွင့်ရပ်ဆိုင်းပြီးနောက် ထိုင်းနိုင်ငံဘက်သို့ တရားဝင်ကူးသန်းလို့ရသည့် တာချီလိတ်ကဲ့သို့ နယ်စပ် ဂိတ်များ၌ ရခိုင်၊ ကိုးကန့်၊ ဧရာဝတီမှတ်ပုံတင်ကိုင်ဆောင်ထားသူများကိုလည်း စိစစ်ကြပ်မတ်ခြင်းတွေလုပ်ဆောင်နေသည်။
ထိုအခြေအနေများအပါအဝင် ထိုင်းနိုင်ငံကိုတရားဝင်ကူးသန်းလျှင် ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် ထိုင်းနိုင်ငံကို အောက်လမ်းမှသွားရောက်သူများပြားလာသလို ထိုင်းနိုင်ငံအရောက်မှာ ဖမ်းဆီးခံရသူအများအပြားရှိနေသည်ဟု ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ မြန်မာနိုင်ငံသားများကိုကူညီနေသူများကပြောသည်။
“ယုံကြည်စိတ်ချရတဲ့ agent တွေနဲ့ လာရင် တာဝန်ယူမှုတာဝန်ခံမှု ခရီးတစ်လျှောက်လုံးရှိပေမယ့် ငွေမနိုင်သူတွေအတွက်တော့ အောက်လမ်းတွေက ဖမ်းခံထိဖို့ များတယ်”ဟု မယ်ဆိုင်နေသူတစ်ဦးက ပြောသည်။
အောက်လမ်းကကူးပြီး ထိုင်းနိုင်ငံ၌ အစုလိုက်အပြုံလိုက် နေ့စဉ် အဖမ်းခံရခြင်းများရှိနေသလို လူကုန်ကူးခံရမှု၊ လူမှောင်ခိုခံရမှုစသည့် အန္တရာယ် အများအပြား ရှိနေသည်ဟု သိရသည်။
“ ခုခါတော့ စစ်ထဲမဝင်ချင်လို့ ပြေးတာ ထိုင်းကပြန်ဖမ်းပို့လို့ ထောင်မကျချင်ရင် စစ်ထဲအတင်းထည့်တာကလည်း သေဘေးပဲ၊ ငွေကုန်ပြီး အကျိုးမရှိမဖြစ်ရအောင် မလာခင်သေချာ စုံစမ်းဖို့လိုမယ်၊ ငွေကတော့ အနည်းနဲ့အများကုန်မှာပဲ” ဟု ပြောသည်။
မြန်မာ- ထိုင်းနယ်စပ် ၁၃၀၄ မိုင် ထိစပ်နယ်မြေတစ်လျှောက် တရားမဝင်နယ်စပ်လမ်းများ ရာနှင့်ချီရှိပြီး အဆိုပါလမ်းများမှတဆင့် လွတ်မြောက်ကာ ထိုင်းနိုင်ငံရှိယာယီအလုပ်အကိုင်များတွင် လုပ်ကိုင်နေကြသူများလည်း သန်းနှင့်ချီ ရောက်ရှိနေပြီဖြစ်သည်။
သို့သော်လည်း ကျီးလန့်စာစားဆိုသကဲ့သို့ ထိုင်းနိုင်ငံ၌ တရားမဝင်နေထိုင်သမျှ အချိန်တိုင်း အန္တရာယ်အချိန်များဟု ဆိုနိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားလူငယ်တစ်ဦးကပြောသည်။
“ ဘာလုပ်လုပ် ဘယ်သွားသွား အိပ်တာတောင်ဘယ်တော့ အဖမ်းခံရမလဲ စိုးထိတ်နေရတယ်၊ ရဲသာမဟုတ်ဘူး ဒေသခံတွေကိုလည်း ကြောက်ရတာပဲ ၊ သူတို့နဲ့လည်း အဆင်ပြေမှဖြစ်မှာ၊ စိတ်ထဲ အမြဲတမ်း မွမ်းကြပ်ဖိစီးနေတယ်”ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများ ရင်ဆိုင်ရနိုင်သည့် အန္တရာယ်များစွာ ရှိပြီး ထိုအန္တရာယ်များမှာ ဥပဒေရေးရာ၊ လူမှုရေး၊ ကျန်းမာရေး နှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများ ဖြစ်သည်ဟု သိရသည်။
တွေ့ကြုံနိုင်သည့်ဥပဒေရေးရာ အန္တရာယ်များတွင် ဖမ်းဆီးခံရနိုင်ပြီး၊ ထောင်ဒဏ် သို့မဟုတ် နိုင်ငံမှ ပြန်လည်ထုတ်ပယ်ခြင်း (deportation) ခံရနိုင်သလို ဖမ်းဆီးခံရပါက ဒဏ်ငွေများ ပေးဆောင်ရနိုင်ပါသည်။
လူမှုရေးနှင့် စီးပွားရေး အန္တရာယ်များကြုံတွေ့ရာတွင် တရားမဝင်အလုပ်သမားများသည် အလုပ်ရှင်များ၊ လူကုန်ကူးသူများ သို့မဟုတ် အခြားသူများထံမှ ခေါင်းပုံဖြတ်ခံရနိုင်ပြီး၊ လုပ်ခလစာ မမှန်ခြင်း၊ လုပ်ခလစာ လျှော့ပေးခြင်း သို့မဟုတ် လုံးဝမပေးခြင်းများ ကြုံတွေ့ရနိုင်ပါသည်။
တရားမဝင်အလုပ်သမားများသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ရနိုင်ပြီး လုပ်ငန်းခွင်လုံခြုံရေး စံနှုန်းများ မရှိခြင်း၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စောင့်ရှောက်မှု မရရှိခြင်းများ ဖြစ်နိုင်ပါသည်။
ထို့အပြင် တရားမဝင်နေထိုင်သူများသည် ထိုင်းနိုင်ငံ၏ အများပြည်သူကျန်းမာရေးစနစ်မှ ဝန်ဆောင်မှုများ ရရှိရန် ခက်ခဲသဖြင့် နာမကျန်းဖြစ်ပါက ကုသမှုခံယူရန် ခက်ခဲပြီး၊ ကုန်ကျစရိတ်လည်း မြင့်မားကာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် ရောဂါများ ကူးစက်ခံရနိုင်ခြေ ပိုမိုမြင့်မားသည်။
လုံခြုံရေးဆိုင်ရာ အန္တရာယ်များအနေဖြင့်တရားမဝင် ဝင်ရောက်သူများသည် လူကုန်ကူးသူများ၏ သားကောင်ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်သာမက အတင်းအကျပ် အလုပ်လုပ်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရခြင်း နှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကြုံတွေ့ရနိုင်ပါသည်။
ထို့အပြင် လူမှုအသိုင်းအဝိုင်းတွင် အကာအ ကွယ်မရှိသဖြင့်၊ အကြမ်းဖက်မှုများ၊ ခိုးယူခံရခြင်း နှင့် အခြားသော အန္တရာယ်များ ကြုံတွေ့ရနိုင်ပါသည်။
အဆိုပါအချက်များသာမက အမြဲတမ်း ဖမ်းဆီးခံရမည်ကို စိုးရိမ်ပူပန်နေရပြီး၊ မိသားစုနှင့် ဝေးကွာနေရခြင်း၊ လူမှုရေးအထီးကျန်ခြင်းများ ကြုံတွေ့ရနိုင်ကာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်နိုင်ပါသည်။
တရားမဝင်နေထိုင်သူများသည် ပညာရေးနှင့် လေ့ကျင့်မှုအခွင့်အလမ်းများရရှိရန် ခက်ခဲသဖြင့် အနာဂတ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနိုင်ပါသည်။
အဓမ္မစစ်မှုထမ်းစနစ်ကိုရှောင်ကွင်းလိုသူများအနေဖြင့် ပြည်ပထွက်ခွါရန် အခြေအနေမပေးသူများ တော်လှန်ရေးတပ်များတည်ရှိရာ လွတ်မြောက်နယ်မြေများ၌ လာရောက်ခိုလုံနိုင်ကြောင်းလည်း တပ်လှန်ရေးတပ်များကဖိတ်ခေါ်လျှက်ရှိနေသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာကာ အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားဦးရေသည် အတိအကျ သတ်မှတ်ရန် ခက်ခဲသော်လည်း တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ နှစ်မျိုးပေါင်း သန်းချီရှိနေသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ထွက်ခွာကာ အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားဦးရေသည် သန်းချီရှိနိုင်ပြီး ထိုင်းနိုင်ငံတစ်နိုင်ငံတည်းတွင်ပင် မြန်မာအလုပ်သမား နှစ်သန်းခန့် ရှိနေသည်ဟု ခန့်မှန်းထားပြီး မလေးရှားနိုင်ငံတွင်လည်း မြန်မာအလုပ်သမား သိန်းချီရှိသည်ဟု မကြာသေးမီက နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILOရဲ့ခန့်မှန်းသည်။
မဟာ
#MeKongNews








