ဝမ်မိုင်အုပ်ချုပ်ရေးမှူး မူးယစ်ရောင်းချနေသည့် ငါးဂိမ်းခုံများကို လိုင်းကြေးယူပြီး ကာကွယ်ပေးထား
မဲခေါင်၊ ဖေဖေါ်ဝါရီ ၄
မူးယစ်ဆေးဝါးရောင်းချနေသည့် လောင်းကစားဝိုင်းများကို တာချီလိတ်မြို့နယ်၊ ဝမ်မိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး တင်မြင့်က ဆပ်ကြေးကောက်ဖွင့်လှစ်ထားသလို ထောက်ခံစာများရယူရန်အတွက် ငွေကြေးအမျိုးမျိုးကောက်ခံနေကြောင်း ဝမ်မိုင်ကျေးရွာအတွင်း နေထိုင်သူများထံမှ သိရသည်။
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ကျေးရွာအတွင်း မူးယစ်ဆေးဝါးအတူတွဲရောင်းချသည့် ငါးဂိမ်းခုံပေါင်း ၂၀ ခန့်ရှိပြီး ခုံတစ်ခုံလျှင် လစဉ်ကြေး ဘတ် ၁၀၀၀၀ နှုန်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ လိုင်းကြေးပေးကာ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ ယင်းငါးဂိမ်းခုံများကြောင့် ရပ်ကွက်အတွင်း လူငယ်များပျက်စီးပြီး မူးယစ်ဆေးဝါးအလွယ်တကူ ဝယ်ယူနိုင်သည့်အတွက် မိဘများက စိုးရိမ်နေကြကြောင်း ဝမ်မိုင်ဒေသခံတစ်ဦးက ပြောသည်။
“အုပ်ချုပ်ရေးမှူးက အတော်ဆိုးတာ။ ဒါတောင် ရပ်ကွက်အဆင့်မဟုတ်ဘူး ကျေးရွာ အုပ်ချုပ်ရေးမှူး ရာအိမ်မှူးအဆင့်ဘဲရှိသေးတယ်။ ရသမျှအကုန်အိပ်ထဲထည့်တာ၊ ရွာထဲမှာလဲ လူငယ်တွေက ဆေးသမားတွေဖြစ်ပြီး အကုန်လူမိုက်တွေဖြစ်ကုန်တာ။ အဓိက ရာမ အလွယ်ဝယ်လို့ရတဲ့ ဂိမ်းခုံတွေရှိနေတာဘဲ” ဟု သူက ပြောသည်။
ယင်းအပြင် ကျေးရွာအတွင်း အိမ်အရောင်းအဝယ်ဖြစ်ပါက မြေကွက်တစ်ကွက်ကို ထိုင်းဘတ် ၃ သောင်းနှုန်းဖြင့်စာချုပ်စာတမ်းပြုလုပ်ပေးနေပြီး မီတာဘောက်လျောက်ထားရန်အတွက် ထောက်ခံစာတစ်စောင်ကို ထိုင်းဘတ် ၅ ထောင်နှုန်း တောင်းခံကာ ကျေးရွာအတွင်း ရောင်းချနေသည့် ရွာတွင်းဈေးမှလည်း တရားမဝင် ဈေးကောက်များ ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။
တာချီလိတ်မြို့နယ်၊ ဝမ်မိုင်ကျေးရွာအတွင်း ထိုင်းနိုင်ငံမှ တရားခံပြေးများ၊ မြို့ပေါ် ခိုးဆိုးနှိုက်သူများ အခြေချနေထိုင်မှုရှိနေပြီး ဆိုင်ကယ်ခိုးမူ၊ လုယက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုများလည်း မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
တာချီတ်မြို့ပေါ်တွင် ရပ်ကွက် ၁၁ ရပ်ကွက်ရှိပြီး ဌာနဆိုင်ရာ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့က ငါးဂိမ်းခုံကဲ့သို့ လောင်းကစားခုံများကို လိုင်းကြေးရယူကာ လစ်လျှူရှူ့ထားသည့်အတွက် လုယက်မှုများ၊ မှုခင်းများ နေစဉ်ဆိုသလို ဖြစ်ပွားနေသည်။
MK-002
#MeKongNews








