စစ်ဆေးရေးတင်းကြပ်နေတဲ့ ကျွဲတပ်ဆုံ X-rayဂိတ်မှာ ကားပေါင်းစုံ ရာချီ ပိတ်မိနေ
မဲခေါင်၊ ဇန်နဝါရီ ၃၁
ရှမ်းပြည်တောင်ပိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ် သာစည်-ကလော လမ်းပိုင်းမှာတည်ရှိတဲ့ ကျွဲတပ်ဆုံ X-rayဂိတ်မှာ စစ်ဆေးရေးတင်းကြပ်နေလို့ ခရီးသည်တင်ကား ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားနဲ့ ခရီးသည်တွေထံကနေ သိရပါတယ်။
ဒီနေ့ဆိုရင် ကားအစီး ၄၀၀ ခန့်ပိတ်မိနေတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
လုံခြုံရေး အကြောင်းပြပြီး ရှမ်းပြည် ဒေသထွက် ကုန်စိမ်းတင်ကားတွေ အပါအဝင် အိမ်စီးကား တွေကိုပါ ဂိတ်မှာ X-Ray စက်နဲ့ အစစ်အဆေးခံရတဲ့ အပြင် ကားပေါ်မှာပါတဲ့သူတွေက လမ်းလျှောက်ပြီး အစစ်ခံနေရတာကြောင့် အိမ်စီးကား၊ ခရီးသည်တင်ကားနဲ့ ကုန်တင်တွဲကား အများအပြား ပိတ်မိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးရာမှာ သာမန် အိမ်စီးကား တစ်စီးကို အနည်းဆုံး ၃ နာရီခန့်၊ ကုန်တင်ကားတစ်စီးကို ၂ ရက်မှ ၃ ရက်ခန့်အထိကြာမြင့်နေတာကြောင့် ကုန်စိမ်းတွေနဲ့ သစ်သီးဝလံတွေ ပုပ်သိုးပျက်စီးတာတွေ မကြာခဏဖြစ်နေတယ်လို့ ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
“ ကုန်စိမ်းတွေပျက်စီးလို့ ခဏ ခဏဖြေရှင်းနေရတယ် ”လို့ ကားသမားတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရှမ်းပြည်ဘက်အတက်ထက် အဆင်းကားကို အဓိကထား စစ်ဆေးနေတာ ဖြစ်ပြီး လူပုဂ္ဂိုလ်တွေ သာမက ရဟန်း သံဃာတော်တွေပါ ဆွမ်း မစားရဘဲ ဂိတ်မှာပိတ်မိနေတယ်လို့ သိရပါတယ်။
“အထားမခံတဲ့ ကုန်၊ ပစ္စည်းတွေ ယူမိတာ၊ မစားရတာမျိုး မဖြစ်ရအောင် ဂရုစိုက်ဖို့ လိုတယ်၊ အခုက အခြေအနေက ဘာမှန်းမသိရဘူး၊ တချို့ကားဆို ၃နာရီ၊ ၄နာရီလောက်ပဲကြာပေမယ့် တချို့ဆို တစ်ညလုံးစောင့်ရတာ၊ ရိက္ခာခြောက်နဲ့ ရေကိုတော့ အလုံအလောက်ယူသွားစေချင်တယ်”လို့ ခရီးသည်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အဲဒီကျွဲတပ်ဆုံဂိတ်မှာတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်လောက်ကတည်းက စစ်ဆေးမှုတင်းကြပ်မှုကြောင့် ကားတွေကြန့်ကြာမှုတွေရှိလာကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုတွေ ရှိနေပေမယ့် လက်ရှိမှာတော့ ကားပိတ်ဆို့မှုအခြေအနေက တဖြည်းဖြည်းပိုဆိုးလာနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
CJ-003
#MeKongNews









