ကျောင်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ ဖယ်ခုံက ကျောင်းတာဝန်ခံကို ထောင် ၆ လထက်ပိုတဲ့ပြစ်ဒဏ်မျိုးပေးသင့်
မဲခေါင်၊ ဇန်နဝါရီ ၃၀
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လယ်ထွန်ကျေးရွာက ကျောင်းတာဝန်ခံတစ်ဦးက ကျောင်းသားနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၆ လ ချမှတ်တာဟာ ပြစ်မှုနဲ့ပြစ်ဒဏ် မညီမျှတဘူးလို့သတင်းအရင်းအမြစ်တွေက ထောက်ပြကြပါတယ်။
ပြစ်မှုကျူးလွန်တဲ့ ကျေးရွာအထက်တန်းကျောင်း တာဝန်ခံ ဦးဇော်ဇော်ထွန်း (ခ) ခွန်းဇော်ဇော်ကို ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(PK police)၊ ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၊ သက်ဆိုင်ရာ အဖွဲ့တွေပါဝင်တဲ့ ဘုတ်အဖွဲ့က စစ်ဆေးခဲ့ရာမှာ ပစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့် ကျူးလွန်သူကို ကျောင်းကနေ ထုတ်ပယ်ပြီး PK police ဆီမှာ ၂၀၂၅ခှနှစ်၊ ဇန်နဝါရီ ၂၈ ရက်ကနေ ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၈ ရက်အထိ ၆ လ ချုပ်နှောင်ထိန်းသိမ်းအပြစ်ပေးဖို့ ချမှတ်ခဲ့တာပါ။
လိင်ပိုင်းဆိုင်ရာကျူးလွန်သူကို ထောင် ၆ လချမှတ်တာနဲ့ပတ်ပြီး ဆရာဝန်တစ်ဦးနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက အမြင်မတူကြောင်းသူတို့ရဲ့သဘောထားကို မဲခေါင်ကိုပြောပါတယ်။
“ မလုပ်သင့်ပါဘူး၊ မဖြစ်ရဘူး၊ အဲ့ အုပ်ချုပ်တဲ့သူတွေ သူတို့ရဲ့ သားသမီးတွေကို အဲလိုလုပ်သူကို ထောင် ၆ လပဲချရင် လက်ခံမလားလို့ ပြန်မေးချင်တယ်၊ ဒါမဖြစ်သင့်ပါဘူး” လို့ဆရာဝန်ကပြောပါတယ်။
“ တရားမမျှတဘူးလို့မြင်မိပါတယ်၊ ဒီကိစ္စဟာ ပြစ်မှုနှင့် ပြစ်ဒဏ် လုံးဝမညီမျှပါဘူး၊ ကျူးလွန်သူကိုဒီထက်ပိုမိုပြင်းထန်တဲ့ပြစ်ဒဏ်မျိုး ကိုပေးသင့်တာပါ”လို့ လူ့အခွင့်အရေး လှုပ်ရှားနေသူတစ်ဦးကပြောပါတယ်။
IEC ကလည်း ဒီအမှုနဲ့ပတ်သက်ပြီး အမျိုးသမီးနဲ့ကလေးရေးရာဌာနနဲ့ KSP ပူးပေါင်း စုံစမ်းနေဆဲဖြစ်ပြီး ပြစ်မှုတစ်ခုကို ရဲက ချုပ်နှောင်ခွင့်၊ ထောင်ချခွင့်မရှိသလို နားလည်မှုနဲ့ညှိနှိုင်းကျေအေးတာမျိုးကလည်းလုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ IEC အတွင်းရေးမှူး (၂) ဦးဗညားက ပြောပါတယ်။
“ အခု IEC ကတော့ အမှုမှန်ပေါ်ပေါက်ဖို့ဆက်လုပ်နေတာရှိပါတယ်”လို့ ဦးဗညားက ပြောပါတယ်။
ကျေးရွာအထက်တန်းကျောင်းတာဝန်ခံ ဦးဇော်ဇော်ထွန်း (ခ) ခွန်းဇော်ဇော်က ကျောင်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်တာ၊ သွေးဆောင်ဖျားယောင်းတာတွေကို တစ်ကြိမ်ထက်မက ပြုလုပ်ခဲ့တာကို ဖယ်ခုံ မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ(P.K.U)က ကျေးရွာအတွင်း သွားရောက်စဉ် ကျောင်းသားတွေထံက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ သိခဲ့ရတယ်လို့ ဇန်နဝါရီလ ၂၄ က ထုတ်ပြန်ထားပါတယ်။
သက်သေရရှိထားတဲ့ P.K.U က ပထမအကြိမ် အစည်းအဝေးမှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၊ ဘာသာရေးခေါင်းဆောင် ၊ ကျောင်းကော်မတီ၊ ကျောင်းသားမိဘ၊ ကျေးရွာတာဝန်ခံ၊ လုံခြုံရေးရဲတပ်ဖွဲတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ကျူးလွန်သူ ကိုအရေးယူဆောင်ရွက်ပေးဖို့ ဆွေးနွေးရာမှာ ကျေးရွာ တာဝန်ရှိသူတွေက သဘောမတူပဲ သမဂ္ဂကိုယ်စားလှယ်ကို ထိုးကျိတ်ကာ ဆွေးနွေးပွဲကနေ မောင်းထုတ်တဲ့အထိဖြစ်ပွါးခဲ့ပါတယ်။
“ မုဒိမ်းမှုတို့ ၃၇၇ အမှုတို့နဲ့ ငြိစွန်းတာမျိုး မတွေ့ရှိဘူးပေါ့နော်၊ နစ်နာသူကျောင်းသားတွေဘက်က ကျေအေးပါတယ် ပြောပေမယ့်လည်း ကာယအိန္ဒြေစော်ကားမှုနဲ့ ချမှတ်လိုက်တာပေါ့နော့” လို့ PK Police က တာဝန်ရှိသူက ပြောပါတယ်။
နစ်နာကြေးအဖြစ် ကျောင်းသားတစ်ဦးကို ကျပ်သိန်း ၂၀ ကျေအေးတယ်လို့ ကရင်နီလူထုအသံက ဖော်ပြပါတယ်။
အသက် ၁၈ နှစ်အောက် အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက မုဒိမ်းမှုမြောက်ပြီး ကျူးလွန်သူကို ထိရောက်တဲ့အရေးယူမှုပြုလုပ်စေဖို့အတွက်ကိုလည်း သမဂ္ဂနဲ့ စစ်ဘေးရှောင်ပြည်သူတွေ၊ ဒေသခံတွေက ဆန္ဒရှိတယ်လို့သိရပါတယ်။
CJ-004
#MeKongNews








