သဲနုံးဖုံးလွှမ်းထားတဲ့ တာလေမြို့နယ်ထဲက စိုက်ခင်းတွေ လာမယ့်မိုးမှာ စပါးစိုက်ဖို့ အဆင်မပြေနိုင်
မဲခေါင်၊ ဇန်နဝါရီ ၂၉
၂၀၂၄ ခုနှစ်၊ မိုးနှောင်းမှာဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံဖြစ်စဉ်ကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ တာလေမြို့နယ်ရှိ မြေနိမ့်ပိုင်းစိုက်ခင်းတွေထဲ သဲမြေဖုံးလွှမ်းခဲ့တာကြောင့် စပါးစိုက်ပျိုးလို့မရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
တာလေမြို့နယ်ထဲက စိုက်ခင်း ၄၀ ရာခိုင်နှုန်းခန့် သဲနုံးလွှမ်းပြီး ပျက်စီးခဲ့တယ်လို့ ပရဟိတလုပ်ဆောင်နေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
ရေကြီးရေလျှံဖြစ်ပွါးစဉ်က ရေနဲ့အတူပါဝင်လာတဲ့ သဲမြေတွေဟာ စိုက်ပျိုးထားတဲ့ စပါးတွေဖုံးလွှမ်းကာ ပျက်စီးခဲ့သလို နောက်နှစ်မိုးရာသီမှာလည်း စိုက်ပျိုးဖို့အဆင်မပြေနိုင်ဘူးလို့ တောင်သူတွေကပြောပါတယ်။
တာလေမြို့နယ်ထဲက မြေနိမ့်ပိုင်းကျေးရွာတွေဖြစ်တဲ့ ပါခါးနွဲ့၊ ပါဟုတ်၊ နားယောင်အုပ်စု၊ ပါးခါးလုံကျေးရွာနဲ့ နမ့်လချောင်းဘေးရှိ စပါးစိုက်လယ်မြေအတွင်း သဲ၊ နုံးမြေဝင်ရောက်တာတွေကြောင့် ပျက်စီးခဲ့တာဖြစ်ပြီး ပြန်လည်ပြုပြင်ကြပေမယ့် အခုနှစ် မိုးရာသီမှာ သဲနုံးတွေပြန်ဝင်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
“နမ့်လချောင်းဘေးနားမှာရှိနေတဲ့ မြေနိမ့်ပိုင်းတဝိုက်က လယ်တွေ သဲနုံးဝင်လို့ပျက်စီးတာအတော်များတယ်။ အဲဒီလယ်တွေကလည်း ဒီနှစ်မိုးရာစပါးပြန်စိုက်ရင် နုံးတွေပြန်ပြည့်နိုင်တဲ့အနေအထားပေါ့နော်”လို့ တာလေ ဒေသခံတစ်ဦးကမဲခေါင်ကို ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ မိုးနှောင်းပိုင်းတုန်းက မြန်မာနိုင်ငံအတွင်းဝင်ရောက်ခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် တာလေမြို့နေရာတချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွားရာကနေ လယ်မြေတွေအတွင်း သဲ၊ နုံးဝင်ရောက် တင်ကျန်ခဲ့ကာ စိုက်ပျိုးထားတဲ့မိုးစပါးတွေပျက်စီးခဲ့ရသလို အဲဒီရဲ့နောက်ဆက်တွဲလယ်မြေတွေက ဒီနှစ် မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ဖို့ကို အခက်ခဲတွေ့နေတာပါ။
ရေမြုပ်ခဲ့ပြီးနောက် သဲ၊ နုံးမြေ တင်ကျန်ခဲ့တဲ့လယ်မြေတွေဟာ နွေရာသီမှာ အက်ကွဲတာတွေဖြစ်လာပြီး မိုးရွာလာပါကလည်း ရွှံ့မြေဖြစ်သွားသလို ထွန်စက်ဖြင့် ထွန်နိုင်တဲ့မြေမျိုး ဖြစ်၊ မဖြစ်နဲ့ မြေအမာ အပျော့ကိုစောင့်ကြည့်ရတဲ့အခြေအနေလို့ ဒေသခံတွေက ပြောပါတယ်။
မိုးစပါးစိုက်ပျိုးတဲ့ လယ်မြေပျက်စီးမှုတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ စက်ယန္တရား၊ ကျွဲ၊ နွားနဲ့ လူအင်အား အစရှိသဖြင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
CJ-017
#MeKongNews








