ဆရာဝန်အတွေ့အကြုံအရ ကရင်နီထဲက O-1 ဆေးရုံမှာ အတွင်းလူနာ ပုံမှန်ထက် များပြားနေ
မဲခေါင်၊ ဇန်နဝါရီ ၂၁
ဆရာဝန်တွေ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအရ ကရင်နီပြည်တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ O-1 ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတဲ့ ပမာဏဟာ ပုံမှန်ထက်များပြားနေတယ်လို့ ခွဲစိတ်ဆရာဝန်တစ်ဦးကပြောပါတယ်။
၂၀၂၄ခုနှစ်မှာ အတွင်း လူနာ ၁၀၅၉ ဦးနဲ့ ပြင်ပ လူနာ ၄၀၀၀ ကျော်ကို ကုသပေးခဲ့ရတယ်လို့ အခုလ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။
ခွဲစိတ်ကုသမှုအနေနဲ့ ၂၀၂၄ မတ်လကစပြီး ဒီဇင်ဘာလအထိ ၁၀ လအတွင်း အကြီးစား ခွဲစိတ်မှု ၄၉၉ ကြိမ်၊ အရေးပေါ်ခွဲစိတ်မှု ၁၉၅ ကြိမ်နဲ့ အသေးစားခွဲစိတ်မှုတွေလည်း အများအပြား ပြုလုပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အဲ့ဒီပမာဏဟာ ကိုယ်ထူကိုယ်ထဆေးရုံတစ်ခုအနေနဲ့ အနည်း အများယူဆချက်ကို မဲခေါင်ကမေးမြန်းရာမှာ “ များတာပေါ့ဗျ၊ တစ်ရက်ကို အနည်းဆုံး ငါးယောက်လောက်က လူနာသစ်တင်နေရသလိုလေ၊ တခါတလေ ကုတင်မဆန့်လို့ အပြင်ဘက် နေရိပ်အောက်မှာ ကုတင်ထိုးပြီး လူနာကြည့်ရတာရှိတတ်သေးတယ်” လို့ ခွဲစိတ်ဆရာဝန်တစ်ဦးကဖြေပါတယ်။
စစ်ပွဲကြောင့်ဒဏ်ရာရတဲ့ အတွင်းလူနာအပြင် စစ်ပွဲကြောင့်မဟုတ်တဲ့ ပြင်ပလူနာတွေလည်း ကုသရေးထဲမှာပါဝင်တယ်လို့ ပြောပါတယ်။
” လိုအပ်တဲ့ ပစ္စည်းတွေကို အလျဉ်မီအောင် ဘတ်ဂျက်နဲ့ကိုက်အောင် အမြဲတမ်း မှာနေရတာပေါ့နော်၊ စစ်ပွဲ နဲ့ မဆိုင်တဲ့ ကုသမှုတွေဆိုလည်း ကုသပေးတယ်၊ အလှူငွေ နိုင်သလောက်ထည့်ပေါ့၊ မထည့်နိုင်လည်းနေပေါ့၊ စိန်ခေါ်မှုတွေလည်းအများကြီးပဲ “လို့ O-1 က ဆရာဝန် ကိုစိုးရန်နိုင်က ပြောပါတယ်။
ဆေးရုံကလိုအပ်တဲ့ ဆေးဝါးဝယ်ယူတာ၊ ဆေးရုံဝန်ထမ်း၊ လူနာနဲ့ လူနာစောင့်အတွက် ထမင်းစားစရိတ်၊ သောက်ရေ သုံးရေ၊ စက်သုံးဆီ၊ အောက်ဆီဂျင်၊ ရှေ့တန်းက အရေးပေါ်ရောက်လာတဲ့ လူနာတွေအတွက် စောင် ခေါင်းအုံးကအစ ဆေးရုံ ဘတ်ဂျက်နဲ့အသုံးပြုရတာဖြစ်ပါတယ်။
အဲဒီအသုံးစရိတ်အပါအဝင် ဆေးရုံအဆောင်သစ်တိုးချဲ့တာ၊ ဆေးရုံလည်ပတ်ဖို့လိုအပ်တဲ့ အသုံးစာရင်း စတာတွေအတွက် ၂၀၂၄ အတွင်း ကျပ်သိန်း ၆၁၄၇ ကျော်ကုန်ကျပါတယ်။ အဲ့ဒီဘတ်ဂျက်က ကမ်ပိန်းလုပ်တာတွေ၊ ပြည်တွင်းပြည်ပက အလှူရှင်တွေ၊ ထောက်ပို့တွေဆီကနေရရှိတဲ့ဝင်ငွေဖြစ်ပါတယ်။
O-1 ဆေးရုံမှာ အသေးစား သွေးဘဏ်တခု တည်ထောင်ပြီး သွေးအိတ်ပေါင်း ၆၇၃ အိတ်ကို လိုအပ်တဲ့ လူနာတွေကို ဖြည့်ဆည်းပေးခဲ့ပြီး ပြင်ပ ပရဟိတ ဆေးခန်းနှစ်ခုမှာလည်း တပတ်ကို ၄ ရက် လူနာကြည့်ရှုပေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၅ ခုနှစ်မှာလည်း O-1 ဆေးရုံအနေနဲ့ ထောက်ပို့ပြည်သူတွေ၊ ကိုယ်အား ဉာဏ်အားနဲ့ ကူညီပေးကြသူတွေ၊ ပြည်သူတွေရဲ့ ဝန်းရံပေးမှုတွေကို အလေအလွင့်မရှိစေပဲ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆက်လက်ပြီး ကြိုးစားဖို့ ကတိပြုတယ်လို့ ဆိုပါတယ်။
CJ-004
#MeKongNews








