ကျိုင်းတုံမြို့မှာ လိင်ဖျော်ဖြေရေးနဲ့ တွဲစပ် လုပ်ကိုင်တဲ့ လုပ်ငန်းတွေတိုးပွါးလာ၊ ခိုးဆိုးလုယက်တွေလည်းတိုးပွါးလာနိုင်
မဲခေါင်၊ ဇန်နဝါရီ ၁၅
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ဘား(Bar)၊ KTV ၊ Night Club ၊ စားသောက်ဆိုင်၊ လိင်ဖျော်ဖြေရေးနဲ့ မူးယစ်ဆေး တွဲစပ်လုပ်ကိုင်နေတဲ့လုပ်ငန်းတွေ တိုးပွါးလာတာဟာ ခိုး ဆိုး လုယက်နဲ့ ရာဇဝတ်မှု တိုးပွါး များပြားလာစေမယ့် ပြယုဂ်ဖြစ်တယ်လို့ ဒေသခံတွေကယူဆကြပါတယ်။
အထူးသဖြင့် အဲ့ဒီလုပ်ငန်းတွေ ဝင်ငွေကောင်းဖို့ ဧည့်သည်တွေကို လိင်ဖျော်ဖြေရေးပါဝင်တဲ့ ဧည့်ခံမယ်တွေနဲ့ဆွဲဆောင်တာဖြစ်ပြီး ဧည့်ခံမယ်တွေ တစ်လကို ကျပ် ၁၀ သိန်းအထိ ရနိုင်တယ်လို့ မက်လုံးပေးကာ နယ်ဝေးကအစ လာရောက်လုပ်ကိုင်နိုင်တယ်လို့ လူမှုကွန်ရက်ကတဆင့် ဧည့်ခံမယ်ခေါ်ယူတာတွေ ရှိနေပါတယ်။
မက်လုံးပေးထားတဲ့ တစ်လ ကျပ် ၁၀ သိန်းဟာ လုပ်ငန်းရှင်က ပေးတာမဟုတ်ပဲ လာရောက်တဲ့ဧည့်သည်ဆီကရရှိတဲ့ လိင်ဖျော်ဖြေခနဲ့ မုန့်ဖိုး ခေါ် သဒ္ဒါကြေးကို လုပ်ငန်းရှင်က သိမ်းဆည်းထားပြီး လကုန်မှ လစာအဖြစ်ထုတ်ပေးတာလို့ သိရပါတယ်။
လုပ်ငန်းရှင်ဘက်က နေစရာအခန်းနဲ့ ထမင်းကျွေးထားရုံမျှသာဖြစ်ပြီး အလုပ်ချိန် ညနေ ၆နာရီကနေ မနက် ၂နာရီ အထိလို့သိရပါတယ်။
မူးယစ်ဆေးဝါးနဲ့ လိင်ဖျော်ဖြေရေးတွဲစပ်နေတဲ့ ဟိုင်းရွမ်း(High Room)အလုပ်မျိုးဖြစ်ပြီး ကျိုင်းတုံမြို့က လူငယ်နဲ့ အိမ်ထောင်ရှင်တွေ လက်ရှိအခြေအနေထက် ပိုမိုပျက်စီးလာနိုင်တယ်လို့ မြို့ခံလူထုကယူဆကြပါတယ်။
“ ညဆို အိမ်ကလူကအစ တော်တော်များများဘားမသွားရရင် မနေနိုင်ဖြစ်နေကြတာ၊ ဟိုင်းရွမ်းမှာ ကြည်ချင်တာလေ၊ အိမ်မှာကျ မစားချင် မသောက်ချင်ဘူး၊ Happywater ဆိုနေ့တိုင်းသွားချနေတာ” လို့ ကျိုင်းတုံ ဟိုရေ့ရပ်ကွက်နေ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိ ကျိုင်းတုံမြို့မှာ ဘားနဲ့ KTV ၃၀ ကျော်ရှိနေပြီး စားသောက်ဆိုင်တွေမှာလည်း KTV ခန်းတွေ ဖွင့်လာတာကြောင့် အပြိုင်အဆိုင် လုပ်နေဆောင်နေကြတာဖြစ်လို့ လိင်ဖျော်ဖြေရေး ဧည့်ခံမယ်တွေအများအပြားလိုအပ်လာတာပါ။
Night Club တွေမှာ ဟိုင်း ခန်းတွေဟာ အခန်းခတစ်နာရီကို ကျပ် နှစ်သောင်း အထက်ရှိပြီး မူးယစ်ဆေးနဲ့ အဖျော်ယမကာက ကိုယ်သုံးရင် သုံးသလောက် ကုန်ကျမှာဖြစ်ပါတယ်။ ဆေးတွေကိုလည်း အငြိမ်လိုင်း၊ အကြွလိုင်း၊ အကွဲလိုင်း နဲ့ အလွင့်လိုင်းဆိုပြီးရှိရာမှာ သုံးစွဲသူအပေါ်မူတည်ပြီး ပြင်ဆင်ပေးတယ်လို့ ဘားတစ်ခုမှာ ဝိတ်တာလုပ်ခဲ့ဖူးသူတစ်ဦးထံကပြောပါတယ်။
“ Vibe နဲ့Chillကြတာပေါ့လေ၊ အပြင်မှာ Hapywater တစ်ခါဖျော်အထုပ်သေးဆို ဘတ်၁၅၀ ၊ ဟိုင်းရွမ်းမှာတော့ ၃၀၀ အထက်မှာပဲရှိတယ်၊ ကျန်တာတွေလဲ နှစ်ဆအနည်းဆုံးပဲ၊ အကောင်ကြီးကြီးတွေကတော့ အလကားရလို့ အကုန်လိုင်းပူးတာပါပဲ၊ အဲခါဆို Tip ရတာများတယ်” လို့သူက ပြောပါတယ်။
Night Club ၊ KTV နဲ့ ပါတီတွေမှာ သုံးကြတဲ့ မူးယစ်ဆေးတွေကို Club Drugs တွေလို့ ခေါ်ကြပြီး ဟက်ပီးဝါးတားထဲမှာ ကက်တမင်း၊ မက်အင်ဖက်တမင်း၊ အက်စတာစီ နဲ့ ဒိုင်ယာစီပင်တို့ကို အမှုန့်ကြိတ်၊ အရည်ဖျော်ထားတာလို့ သိရပါတယ်။
Night club ၊ KTV တွေကို မူးယစ်ဆေးသုံးဖို့ မဟုတ်ဘဲ ရိုးရိုးအပန်းဖြေချင်လို့၊ Night Club လိုမျိုး သီချင်းသံ၊ ဘေ့စ်သံတွေ ကြိုက်လို့ သွားတဲ့ လူတွေလည်းရှိပေမယ့် လိင်ဖျော်ဖြေရေးတွေက ဆွဲဆောင်နေတာလို့ပြောပါတယ်။
“ ကက်တမင်း အပါအ၀င် Club Drugs တွေနဲ့ အလွင့်တွေကြားမှာ လိင်ကိစ္စတွေ တွဲပါနေတာ၊ လိုင်းပူးကြတာများပါတယ်” လို့ KTVမှာ အစောင့်လုပ်ဖူးသူတစ်ဦးက ပြောပါတယ်။
လိုင်းပူးပါက ဘတ် ၁၅၀၀ အထက်ပေါက်ဈေးရှိတာကြောင့် ၁၅၀၀ လိုင်းလို့ လက်ရှိခေါ်နေကြတယ်လို့ သိရပါတယ်။
“ ခုတောင် ခိုး ဆိုး လုယက်တာတွေ နေ့ခင်းကြောင်တောင် ပြောင်လုပ်လာနေကြတာ၊ ကျားကျား မမ ဒိထက် ပိုပျက်စီးစေမယ့် အခြေအနေကို လက်သင့်မခံနိုင်ကြပါဘူး” လို့ကျိုင်းတုံက လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ကျိုင်းတုံမြို့ဟာ ရှမ်းအရှေ့မြို့တော်ဖြစ်ပြီး စစ်ကောင်စီရဲ့ ပြည်နယ်ခွဲအုပ်ချုပ်ရေးရုံးရှိသလို တြိဂံဒေသစစ်တိုင်းအခြေပြုရာမြို့လည်း ဖြစ်ပါတယ်။
ကျိုင်းတုံမြို့ဟာ အရှေဘက် မိုင် ၁၀၀ ကျော်ဝေးတဲ့ ထိုင်းနယ်စပ် တာချီလိတ်လောက်မဆိုးပေမယ့် မူးယစ်ဆေးဝါးနဲ့ ခိုး၊ ဆိုး လုယက်မှုတွေ မကြာခဏဖြစ်ပွားနေတာဖြစ်လို့ ရာဇဝတ်မှုတွေဖြစ်ပွားမှုအရှိန်ကို မြင့်တက်စေမယ့် ဧည့်ခံမယ်အများအပြားခေါ်ယူမှုနဲ့ စျေးကွက်ချဲ့လာတာကို ပြည်သူအများစုက နှစ်သက်ခြင်းမရှိကြပါဘူး။
MK-012
#MeKongNews








