တောင်ကြီးမှ လားရှိုးသွား ကားလမ်းမှာ စစ်ကောင်စီ တားမြစ်ထားလို့ ကားအစီးရေ ၇၀ ကျော် ကျေးသီးမှာ ပိတ်မိနေ
မဲခေါင်၊ ဇန်နဝါရီ ၁၀
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို သွားတဲ့လမ်း ကျေးသီးမြို့နယ်မှာ စစ်ကောင်စီက တားမြစ်ထားတာကြောင့် ကားအစီးရေ ၇၀ ကျော် မနေ့ကတည်းက ပိတ်မိနေတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ကျေးသီးမြို့နယ်၊ ကောင်းလန်းဂိတ်မှာ ခရီးသည်တွေအနေနဲ့ တောင်ကြီးမြို့က ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာတွေပါရှိပေမယ့် မိုင်းရယ်ရဲစခန်းရဲ့ ထောက်ခံစာ ပါရှိမှသာ ဖြတ်သန်းခွင့်ပြုနေတာကြောင့် ခရီးသည်တင်ကား အစီးရေ ၇၀ ကျော်ဟာ ဒီနေ့(ဇန်နဝါရီ ၁၀) နေ့လယ် သတင်းရေးသားနေချိန်ထိ ဖြတ်သန်းခွင့်မရရှိသေးပဲ ပိတ်မိနေတယ်လို့ သိရပါတယ်။
“အရင်ရက်တွေကတော့ တောင်ကြီးက ထောက်ခံစာပါရင် ပေးဖြတ်တယ်၊ မနေ့က ဘာလို့ ရစ်တာလဲမသိဘူး။ မိုင်းရယ်ရဲစခန်းထောက်ခံစာပါမှ ပေးဖြတ်တာ။ တချို့ကလည်း ပြန်လှည့်ပြီး ဂိတ်ကို ရှောင်ကွင်းသွားကြပေမယ့် လမ်းမှာလည်း စစ်ကောင်စီက စစ်ဆေးမှုတွေရှိနေတုန်းပဲ။ တန့်ယန်းကိုပြန်မှာလို့ ပြောရင် မိုင်းရှူးလမ်းကနေပြန်ဆိုပြီး လှည့်ပြန်ခိုင်းတယ်”လို့ ကားသမားတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကားသမားအချို့က ပြန်လှည့်ပြီး မိုင်းနောင်-မိုင်းရှူး-ဝမ်စိမ်းလမ်းတွေကို အသုံးပြုတာတွေ ရှိပေမယ့် အဲဒီလမ်းတွေမှာ စစ်ကောင်စီက စစ်ဆေးမှုတွေတင်းကြပ်နေသလို စက်သုံးဆီသယ်ဆောင်လာတာ ရှိ မရှိကို တင်းကြပ်စွာစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို လုံးဝသယ်ဆောင်ခွင့် မပြုဘူးလို့ သိရပါတယ်။
“ရေဘူးတွေကအစ ဖွင့်စစ်တယ်၊ ဓာတ်ဆီတွေဖြစ်နေမှာစိုးလို့ ဆိုပြီး။ အဖွားအတွက် ဝယ်လာတဲ့ ဆေးတွေလည်း သိမ်းသွားတယ်။ ဆေးဝါးနဲ့ ဓာတ်ဆီကတော့ လုံးဝသယ်လို့မရဘူး။ ကျွန်မတို့နောက်က ကားဆိုရင် ပုံးဝါနဲ့ ဓာတ်ဆီထည့်လာတာ သိမ်းသွားတယ်”လို့ ခရီးသည်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီအပြင် ကရင်နီပြည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး၊ နေပြည်တော်နဲ့ ရခိုင်ပြည်နယ်မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို စစ်ဆေးမှုတင်းကြပ်ထားပြီး လူငယ်နဲ့ လူလတ်ပိုင်းအချို့ကို ဖြတ်သန်းခွင့်မပေးဘဲ ပြန်လှည့်ခိုင်းနေတယ်လို့လည်း သိရပါတယ်။
CJ-003
#MeKoNgNews








