တာချီလိတ်ကနေ ထိုင်းနိုင်ငံဘက်ကို အထောက်အထားအတုနဲ့ ဖြတ်သန်းသူတွေကြောင့် စစ်ဆေးတင်းကြပ်နေ
မဲခေါင်၊ ဇန်နဝါရီ ၇
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို ချစ်ကြည်ရေး အမှတ်(၁) တံတားကနေ အထောက်အထားအတုနဲ့ ကူးသန်းသွားလာသူတွေ ရှိနေတာကြောင့် အခုနောက်ပိုင်း တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေက သိရပါတယ်။
မြဝတီ၊ မဲဆောက်ဘက်မှာ နိုင်ငံကူးလက်မှတ်အတုတွေ ဖမ်းဆီးရမိခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ရက် နောက်ပိုင်းကစပြီး တာချီလိတ်မှာ passport နဲ့ လာသူတွေကိုတင်းတင်းကြပ်ကြပ် စစ်ဆေးနေတာလို့ ခရီးသွားဝန်ဆောင်မှု လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
“ မြဝတီဘက် မိတာကို မနေ့က(ဇန်နဝါရီ ၆)မှ သတင်းကြေညာတယ်ဆိုပေမယ့် ဒီမှာက တောက်လျှောက် တင်းကြပ်နေတာ၊ ဗီဇာလည်း အတုမိတာရှိတော့ passport ရော visa ရော သေချာစစ်နေတာ” လို့ ပြောပါတယ်။
အခုနောက်ပိုင်း ခပ်စိတ်စိတ်လေး ကြားလာရတာက TM 30 အတု၊ မှတ်ပုံတင်အတု၊ Passport အတု၊ Visa အတု တွေနဲ့ သက်ဆိုင်ရာရုံးတွေ ဝင်တဲ့အခါ သိသွားတာမျိုးတွေကြောင့် စာရွက်စာတမ်းကိစ္စတွေမှာ တင်းကြပ်နေတာလို့ ပြောပါတယ်။
တာချီလိတ်ဘက်ကို Visa နဲ့ ထိုင်းနိုင်ငံဘက် ကူးသူ ပျှမ်းမျှ တစ်ရက် ၅၀ ဦးခန့်ရှိနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ၁၂ ရက်က အယုဒ္ဓယမှာ အသက်၂၃ နှစ်အရွယ် ကိုမင်းသူဆိုသူဟာ ရက်၉၀ visa report သွားလုပ်တဲ့အခါမှာ အတုဖြစ်နေလို့ Agent ကို ထိုင်းဘတ် ၁၉၀၀၀ ပေးပြီး လုပ်ခဲ့တာလို့ ပြောပေမယ့် စာရွက်စာတမ်းအတုလုပ်တဲ့အမှု၊ တရားမဝင်နေထိုင်မှုတွေနဲ့ ဖမ်းဆီးခံ လိုက်ရတာပါ။
ထိုင်းလေဆိပ်ကနေ တတိယနိုင်ငံပြန်ထွက်ကြတဲ့အခါမှာ အမျိုးမျိုးသော visa အတု ၊ တုံးအတုတွေကြောင့် မြန်မာနိုင်ငံ ပြန်လွှတ်ခံရတာမျိူးတွေ ရှိသလိုစာရွက်စာတမ်းအတုတွေကြောင့် မြန်မာသံရုံး၊ ထိုင်းသံရုံးတွေက အထူးတင်းကြပ်လာတာမျိုးတွေ ရှိနေတာဖြစ်ပြီးအခြေနေအမျိုးမျိူးနဲ့ အဖမ်းခံရတာတွေ များလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က မြဝတီမြို့ကနေ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ အမျိုးသမီးငယ် သုံးယောက်အပါအဝင် မြန်မာလူငယ် ၁၁ ယောက်ထံက မြန်မာနိုင်ငံကူးလက်မှတ်အတု ၁၁ အုပ်ကို တွေ့ရှိစစ်ဆေးရာကနေ ပတ်စပိုစ့်စာအုပ်အတု ၇၀၀ ကျော် ပြုလုပ်ခဲ့ပြီး မလေးရှားအထိ ပို့ဆောင်ပေးခဲ့တဲ့အဖွဲ့ကို ဖော်ထုတ်ရမိတယ်လို့ စစ်ကောင်စီက မနေ့ (ဇန်နဝါရီ ၆) က သတင်းထုတ်ပြန်ထားပါတယ်။
MK-012
#MeKongNews









