တာချီလိတ်ရဲဟောင်း ဖေသက်ဟန်နဲ့ ပတ်သက်သူတစ်ဦး သာစည်မှာ မူးယစ်ဆေးတွေနဲ့ ဖမ်းခံရ
မဲခေါင်၊ ဇန်နဝါရီ ၇
တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်ထဲက နေအိမ်မှာ စိတ်ကြွဆေးပြား ၁၀ သန်းကျော်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ရဲဝန်ထမ်းဟောင်း ဖေသက်ဟန်ရဲ့ လုပ်ငန်းမန်နေဂျာဖြစ်သူရဲ့ အမျိုးသမီးဟာ သာစည်မြို့နယ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့က မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးမှာ တောင်ကြီးဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ မော်တော်ယာဉ်တွေကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က စစ်ဆေးနေစဉ်အတွင်း မော်တော်ယာဉ်တစင်းပေါ်ကနေ မဆုစန္ဒီဝင့်ကို လက်ရှိခေတ်စားနေတဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်တဲ့ Happy Water အလေးချိန် ၂ ဒဿမ ၁၁၅ ကီလိုနဲ့ ဖမ်းဆီးရမိတယ်လို့ CCDAC Myanmar က ဇန်နဝါရီလ ၂ရက်က ထုတ်ပြန်ပါတယ်။
မဆုစန္ဒီဝင့်ဟာ စိတ်ကြွေဆေး ၁၀ သန်းကျော်နဲ့ ဖမ်းဆီးခံရတဲ့ တာချီလိတ်က ရဲဝန်ထမ်းဟောင်း ဖေသက်ဟန်ရဲ့ မန်နေရာဂျာဖြစ်သူရဲ့ အမျိုးသမီးဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပြီး သူနဲ့အတူမိတဲ့ Happy Water တန်ဖိုးဟာ ကာလငွေကျပ်ပေါက်စျေး ကျပ် သိန်း ၂၀၀၀ ကျော်ခန့် တန်ကြေးရှိတယ်လို့ CCDAC က ဆိုပါတယ်။
မဆုစန္ဒီဝင့်ကို ဖမ်းဆီးရမိပြီးနောက် ဆက်စပ်အနေနဲ့ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်မှာ ငှားရမ်းနေထိုင်သူ မြင့်ဇော်မိုး(ခ)ဦးချို(ခ)ဘူးချို ဆိုသူကို စိတ်ပြောင်းဆေးဝါး ကက်တမင်း ၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅ သိန်း)နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသူနှစ်ဦးစလုံးကို သက်ဆိုင်ရာရဲစခန်းတွေမှာ ဖမ်းဆီးထားပြီး အရေးယူရန်ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။
အဖမ်းခံရတဲ့ မဆုစန္ဒီဝင့်ဟာ စစ်တပ်ထောက်ခံသူတဦးဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ စစ်ကောင်စီအားပေးပို့စ်တွေနဲ့ တော်လှန်ရေးကို တိုက်ခိုက်တဲ့ပို့စ်တွေ မကြာခဏတင်လေ့ရှိသူဖြစ်ပါတယ်။
မဆုစန္ဒီဝင့်ဟာ ရဲဝန်ထမ်းဟောင်း ဖေသက်ဟန်ဆိုသူရဲ့ လုံခြုံရေးကုမ္ပဏီနဲ့ ဘားလုပ်ငန်းတို့ရဲ့ မန်နေဂျာတာဝန်ယူထားသူရဲ့ အမျိုးသမီးဖြစ်ပြီး ရဲဝန်ထမ်းဟောင်းဖေသက်ဟန်ဟာလဲ တာချီလိတ်က စစ်ကောင်စီတပ်ရဲ့ ဗျူဟာမှူးအဆင့်ရှိသူနဲ့ ရင်းနှီးကြောင်းနာမည်ကြီးသူ ဖြစ်ပါတယ်။
ဖေသက်ဟန်ရဲ့ လူမှုကွန်ယက်အကောင့်မှာလဲ မကြာခဏဆိုသလို လူမိုက်ဆန်ဆန်ရိုက်တင်လေ့ရှိကာ ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ စိတ်ကြွဆေးဝါး ၁၀ သန်းကျော်အပါအဝင် ပစ္စတိုသေနတ်တို့နဲ့သူ့နေအိမ်မှာ သူအပါအဝင်သူ့တပည့်တပန်းတွေကို စစ်ကောင်စီတပ်လက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းဆီးရမိကာ ထောင်ဒဏ်နှစ်အကန့်အသတ်မရှိ ချမှတ်ခံထားရတာဖြစ်ပါတယ်။
MK-016
#MeKongNews









