ဂုဏ်ထူးဆောင်ပေးအပ်တာနဲ့ပတ်သက်ပြီး နိုင်ငံရေးပါရာဇိက ကျမခံဘူးလို့ SNLD တုန့်ပြန်
မဲခေါင်၊ ဇန်နဝါရီ ၆
ဂုဏ်ထူးဆောင် ပေးအပ်တာဟာ လူထုလက်မခံတော့တဲ့ ၂၀၀၈ ခြေဥကိုအစွဲပြုပြီး သေနေတဲ့ သူ့နိုင်ငံရေး ပြန်ရှင်လို ရှင်ငြားဆိုတဲ့မျှော်လင့်ချက်နဲ့ SNLDခေါင်းဆောင်တွေကို အမှုတွဲကာ သေဖော်ညှိတဲ့သဘော လုပ်ဆောင်တာဖြစ်လို့ နိုင်ငံရေးပါရာဇီက ကျမခံဘူးလို့ SNLD ပါတီရဲ့တာဝန်ရှိသူက တုန့်ပြန်ပါတယ်။
၂၀၀၈ ခြေဥရေးဆွဲရာမှာ အသေးစိတ်အခြေခံရမယ့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံမှာ ပါဝင်ဆွေးနွေးခဲ့ကြသူတွေကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ်ရာမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဟောင်းနဲ့ လက်ရှိ ဥက္ကဋ္ဌလည်း ပါဝင်လာတာဖြစ်ပါတယ်။
“ ၂၀၀၈ ကို ဖျက်သိမ်းဖို့ဆိုတာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ SNLD ပါတီက တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးသားပါ၊ ၂၀၀၈ ခြေဥအရေးဟာ နိုင်ငံရေးပါရာဇိကကျမယ့်ကိစ္စမို့ ကျွန်တော်တို့ လုံးဝပတ်သက်စရာ မရှိပါဘူး”လို့ သူက ပြောပါတယ်။
ပါတီအကြီးအကဲတွေကို ဂုဏ်ထူးဆောင်ပေးအပ်တာဟာ ရည်ရွယ်ချက်တစ်ခုခုရှိနိုင်တယ်လို့ပါတီနဲ့နီးစပ်သူကယူဆကြောင်းနဲ့သူ့ဟာသူပေးအပ်တာဖြစ်လို့ ပါတီပုံရိပ်လည်းထိခိုက်စရာမရှိဘူးလို့သူကပြောပါတယ်။
SLND ပါတီအကြီးပိုင်းနှစ်ဦးကို ဂုဏ်ထူးဆောင်ပေးတာနဲ့ပါတ်သက်ပြီး “ ကျွန်တော်ထင်တာကတော့ ရည်ရွယ်ချက်တစ်ခုရှိဦးမယ်ထင်တယ်ဗျ၊ ဒီအတောအတွင်းမှာအပြောင်းအလဲတစ်ခုခုရှိလာနိုင်တယ်ထင်တယ်ဗျ၊ အဲ့လိုအပြောင်းအလဲတစ်ခုခုရှိလာရင် ပါတီဥက္ကဌကို ထည့်သုံးဖို့အစီအစဉ်ရှိတယ်လို့ ကျွန်တော်ထင်တယ်”လို့ SLND ပါတီနဲ့နီးစပ်သူက ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာကျရောက်တဲ့ (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေနဲ့ ပြစ်ဒဏ်အသီးသီးနဲ့ အကျဉ်းကျခံနေရသူတွေထဲက လွတ်ရက်နီးသူ ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုပြီး ထောင်ကလွှတ်ပေးခဲ့တာနဲ့ တပြိုင်တည်းမှာပဲ ၂၀၀၈ ခြေဥပေါ်ပေါက်လာရေး လုပ်ဆောင်ခဲ့သူ ၂၄၉ ဦးကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ်ရာမှာ SNLD ပါတီအကြီးအကဲတွေအပါအဝင် ရှမ်းပြည်က လူပုဂ္ဂိုလ် ၄၀ ဦးပါဝင်တာ ဖြစ်ပါတယ်။
SNLD ပါတီဟာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တရားဝင်ကြေညာထားတဲ့ ပါတီဖြစ်ပြီး ၂၀၂၃ မှ ပါတီကို စစ်ကောင်စီက ဖျက်သိမ်းကြောင်းကြေညာထားပေမယ့် လွတ်လပ်ရေးနေ့မှာ ဆုတံဆိပ်တွေပေးအပ်ကြောင်း စစ်ကောင်စီရဲ့ သတင်းစာကနေ ကြေညာတာ ဖြစ်ပါတယ်။
CJ-003/MK-012
#MeKongNews








