MNDAA ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုအတွက် တစ်ရက်ကို ဆန်အိတ် ၆၀ ကုန်ကျ
ကျန်ရှိနေသေးတဲ့ သုံ့ပန်း မိသားစု၀င်တွေကို မကြာခင် ပြန်လွှတ်ပေးဖို့စီစဉ်နေ
မဲခေါင်၊ ဒီဇင်ဘာ ၂၇
လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းနဲ့ သူတို့ရဲ့ မိသားစု၀င်တွေအတွက် တစ်ရက်ကို ဆန်အိတ် ၆၀ ကုန်ကျနေပြီး မိသားစုတွေကို ဆက်လက်ထိန်းသိမ်းထားရင်လည်း အကြောင်းထူးမှာမဟုတ်လို့ ကျန်ရှိနေသူတွေကို မကြာခင်မှာ ပြန်လွှတ်ပေးဖို့အစီအစဉ်ရှိတယ်လို့ MNDAAနဲ့ နီးစပ်သူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းမိသားစု၀င် ၂၀၀ ကျော်ကို ဒီဇင်ဘာ ၂၃၊ ၂၄၊ ၂၅ ရက်တွေက MNDAA က စိစစ်ပြီး အသုတ်လိုက်ခွဲ လွှတ်ပေးခဲ့ပြီး လာမယ့် ၂၀၂၅ ခုနှစ်၊ နှစ်အစမှာ ကျန်ရှိနေသူတွေကို ထပ်မံလွှတ်ပေးဖို့ စီစဉ်နေတယ်လို့ MNDAA နဲ့ နီးစပ်သူတစ်ဦးက ဒီကနေ့( ဒီဇင်ဘာ ၂၇) မဲခေါင်ကို ပြောပါတယ်။
“ဒီမှာချုပ်ထားလည်းဘာမှ မထူးဘူးလေ။ ဘတ်ဂျက်လည်းလျှော့သွားအောင် သူတို့အနေနဲ့လည်း သုံ့ပန်းတွေကိုပဲဖမ်းထားမယ်။ မိသားစုတွေပြန်လွှတ်ပေးမယ် အဲလိုပုံစံတော့ရှိတယ်”လို့ သူကပြောပါတယ်။
ပြန်လွှတ်ပေးသူတွေကို စစ်ကောင်စီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းရယ်မြို့နယ် အစပ်ထိ MNDAA တပ်ဖွဲ့၀င်တွေက လိုက်လံပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
“ ထောင်ထဲမှာ တော်တော်များများ ယောကျ်ားလေးတွေပဲ ကျန်တော့တာလေ။ မိန်းကလေးတွေကတော့ အစကတည်းက စစ်ပွဲပြီး တစ်ပတ်လောက်ကတည်းက လွှတ်လိုက်တာတွေလည်းရှိတယ်”လို့ MNDAA နဲ့ နီးစပ်သူက ပြောပါတယ်။
လားရှိုးဒေသတိုက်ပွဲအတွင်း ဖမ်းဆီးမိတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ စစ်သုံ့ပန်းမိသားမိသားစု၀င်တွေကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်က မိသားစု တစ်စုကို ကျပ် ငါးသောင်းပေးပြီး လူဦးရေ ၃၈၀ ကိုစတင်လွှတ်ပေးခဲ့ပြီးနောက် ဒီဇင်ဘာ ၂၅ ၇က်အထိ နောက်ဆုံးလွှတ်ပေးခဲ့တာပါ။
အခုဆိုရင် စစ်သုံ့ပန်း ၂၀၀၀ ကျော် ပြန်လွှတ်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။
လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို MNDAA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့ တဲ့ ဇူလိုင် ၃ ရက်ကစတင် တိုက်ခိုက်ခဲ့ကြပြီး တစ်လအကြာ ဩဂုတ် ၃ ရက်မှာ မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတာပါ။
CJ-017
#MekongNews








