မိုင်းပန်မှာ စစ်ကောင်စီ CCTV တွေ တပ်ဆင်နေ
မဲခေါင်၊ ဒီဇင်ဘာ ၂၄
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့မှာ ဒီဇင်ဘာလ တတိယပတ်နဲ့ နောက်ဆုံးပတ်တွေအတွင်း စစ်ကောင်စီက မြို့နေရာအနှံ့အပြားမှာ CCTV ကင်မရာတွေ တပ်ဆင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြို့ဝင်မြို့ထွက်နေရာတွေသာမက လမ်းဆုံလမ်းခွ၊ စျေးနဲ့ လူစည်ကားရာနေရာတွေမှာပါ အများအပြားတပ်ဆင်နေတာလို့ ဒေသခံတွေထံက သိရပါတယ်။
“လူတွေဆီကလည်း သတင်းရဖို့ မရှိသလောက်ပဲ။ ကင်းလှည့်ဖို့ အင်အားလဲ မရှိတော့ ဒါတွေတပ်တာ နေမှာပေါ့။ လုံခြုံရေးအကြောင်းပြပြီး ရှမ်းတပ် (RCSS) က လူတွေနဲ့ ဒေသလူတွေ အဝင်အထွက်စောင့်ကြည့်ဖို့ပါ” လို့ မိုင်းပန်အလယ်ရပ်နေသူတစ်ဦးက သူ့ရဲ့အမြင်ကို မဲခေါင်သတင်းဌာနထံ ပြောပါတယ်။
CCTV တွေကို ထွေအုပ်ရုံးရှေ့၊ ရုံးအဝင်လမ်းထိပ်၊ မိုင်းပန်ဗုဒ္ဓဂယာပုံတူစေတီတော်သွားလမ်း၊ ဟိုဖိုင်းလုံ၊ မိုင်းတုံဘက်သွားလမ်း၊ ရာဇမုနိဘုန်းကြီးကျောင်းထိပ်၊ မြို့မစျေးရှေ့၊ မွေတော်ကျောင်းနား၊ ရှမ်းစာပေယာဥ်ကျေးမှုရုံးနား၊ လင်းခေးဘက်အဝင်လမ်းဆုံ၊ RCSS နောင်မွန်ဘက်သွားနောင်လုံကျောင်းဘက်တွေမှာ တပ်ဆင်ထားပြီး မြို့ဝင်မြို့ထွက်၊ RCSSရုံးနဲ့ ရှမ်းစာ/ယဥ်ရုံးနေရာတွေမှာ၂ ခုကနေ လေးဘက်လေးတန် ၄ခုအထိ တပ်ဆင်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မဲခေါင်သတင်းဌာနက စုံစမ်းသိရသလောက် မိုင်းပန်မြို့တစ်မြို့ထဲမှာသာ ထူးခြားဖြစ်စဥ်အနေနဲ့ CCTVတွေတပ်ဆင်တာဖြစ်ပြီး အနီးနားက လင်းခေး၊ မိုးနဲမြို့တွေမှာ CCTVတပ်ဆင်တာမရှိဘူးလို့ သိရပါတယ်။
ဒီဇင်ဘာ၂၁က RCSS ဥက္ကဌကိုယ်တိုင်တက်ရောက်တဲ့ ဒေသအုပ်ချုပ်ရေးသင်တန်းဆင်းပွဲတွေ မိုင်းပန်မြို့နယ်၊ နားမွန်အုပ်စုမှာပြုလုပ်ခဲ့သလို RCSS က ကမကထပြုလုပ်တဲ့ ရှမ်းနှစ်သစ်ကူးပွဲတွေကိုလည်း မိုင်းပန်မြို့မှာ ပြုလုပ်ခဲ့ပါသေးတယ်။
.
မိုင်းပန်မြို့ကို RCSS က အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ နယ်မြေ ၁ လို့ သတ်မှတ်ထားတာဖြစ်ပြီး RCSS ရဲ့ လွိုင်တိုင်းလျန်းဌာနချုပ်ဟာမိုင်းပန်မြို့နယ်၊ ဟိုမိန်းမြို့ရဲ့ ထိုင်းနယ်စပ်မှာ ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ မိုင်းပန်မှာ စကခ ၁၇၊ ခမရ ၃၃၂နဲ့၅၂၀တပ်တွေ အခြေပြုထားတယ်လို့သိရပါတယ်။
MK – 012
#MeKongNews








