လူထုအတွက် ကရင်နီပြည် အရပ်ဖက်အဖွဲ့အစည်းများကွန်ရက် ဖွဲ့စည်း
မဲခေါင်၊ ဒီဇင်ဘာ ၉
ကရင်နီလူထုအတွက် အရပ်ဖက် အဖွဲ့အစည်း ၂၂ ဖွဲ့နဲ့အတူ ကရင်နီပြည်လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများကွန်ရက် KSCSN ကိုစတင်ဖွဲ့စည်းခဲ့တယ်လို့ ဒီဇင်ဘာလ ၇ ရက်မှာ KSCSN အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကရင်နီမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းကွန်ရက် အားကောင်းစေဖို့၊ လူထုဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လူထုတွေ တန်းတူညီမျှရရှိဖို့ ၊ ကရင်နီက အရပ်ဖက်အဖွဲ့အစည်းတွေ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ကာ ဖွဲစည်းခဲ့တယ်လို့ သိရပါတယ်။
အရပ်ဖက်အဖွဲ့အစည်းတွေ ကိုင်စွဲသင့်တဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ၊ ရပ်တည်ချက်တွေနဲ့ လုပ်ထုံလုပ်နည်းတွေကို ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက် တစ်ပြည်နယ်လုံးအတိုင်းအတာကို ကိုယ်စားပြုတဲ့ KSCSN ကို ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“လူထုအတွက် ဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူငယ်အရေး လှုပ်ရှားနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်၊ တော်လှန်ရေးကာလမှာ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးတွေ၊ ပညာရေးတွေနဲ့ လူသားချင်းစာနာထောက်ထားရေးကိစ္စတွေမှာ ပါဝင်ခြင်းအားဖြင့် တထောင့်တနေရာကနေ လုပ်နေတယ်”လို့ KSCSN အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အရပ်ဖက်အဖွဲ့အစည်း ဖိုရမ်ကို ဒီဇင်ဘာလ ၂ ၊ ၃ ၊ ၄ ရက်တွေမှာ ကျင်းပပြုလုပ်ပြီး အရပ်ဖက်အဖွဲ့ ၃၆ ဖွဲ့တက်ရောက်ကာ ခုလက်ရှိမှာ KSCSNကို အရပ်ဖက်အဖွဲ့ ၂၂ ဖွဲ့နဲ့ ဖွဲ့စည်းထားပြီး ကျန်တဲ့အဖွဲ့တွေကိုလည်း ဆက်လက် ဖိတ်ခေါ်နေတယ်လို့သိရပါတယ်။
ပြည်သူလူထုအတွက် ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ကာ လူထုတွေရဲ့ အသံကို သက်ဆိုင်ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တော်လှန်ရေးအင်အားစုတွေ၊ လူမှုစီးပွားရေးဆိုင်ရာအင်အားစုတွေဆီ အရေးဆိုတိုက်တွန်းမှုတွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအခန်းကဏ္ဍတွေမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
CJ-004
MekongNews








