တောင်ကြီးစည်ပင်က ပိုက်ဆံယူပြီး လမ်းဘေးဆိုင် ဖွင့်ခွင့်ပေး၊ လမ်းဦးစီးက ဖယ်ရှားမိန့်ထုတ်
မဲခေါင်၊ ဒီဇင်ဘာ ၆
စည်ပင်သာယာရေးကော်မတီက ငွေကြေးကောက်ခံပြီး ဖွင့်လှစ်ခွင့်ပြုထားတဲ့ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းသွားလမ်းရှိ လမ်းဘေးဆိုင်တွေကို လမ်းဦးစီးက အမြန်ဆုံးဖယ်ရှားခိုင်းထားတယ်လို့ ဆိုင်ဖွင့်လှစ် ရောင်းချနေသူတွေထံကနေ သိရပါတယ်။
တောင်ကြီး လမ်းဦးစီးက ဒီဇင်ဘာလ ၄ ရက်စွဲနဲ့ တောင်ကြီးမြို့ ဧရာဝတီလမ်းဆုံကနေ မီးပုံးပျံကွင်းလမ်းတလျှောက်၊ တောင်ကြီး-ဟမ်းဆီး၊ နောင်ယာဆိုင်းလမ်း မိုင်(၀/၀)မှ မိုင်(၀/၅)အထိ လမ်းဘေးဆိုင်တွေကို ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက်လို့ အကြောင်းပြကာ အမြန်ဆုံးဖယ်ရှားရှင်းလင်းဖို့ စာပေးပို့လာတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလမ်းမကြီး ဝဲ/ယာနယ်နမိတ်အတွင်း လမ်းဦးစီးဌာနက ဆောင်ရွက်ထားတဲ့ ရေမြောင်းနဲ့ လမ်းပုခုံးပေါ်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်ခန်းတွေအားလုံးကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းခိုင်းထားတာ ဖြစ်ပြီး မဖယ်ရှားပါက လမ်းမကြီးများဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အဲဒီစာမှာ ပါရှိပါတယ်။
“ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ၊ ဘယ်ဌာနစကား နားထောင်ရမှာလဲ၊ လမ်းဦးစီးက လမ်းအန္တရာယ်ကင်းရှင်းရေးအတွက်တဲ့၊ ဒါဆို မီးပုံးပျံကွင်းရှေ့လမ်းတစ်လျှောက်တွဲကားတွေ ဆယ့်နှစ်ဘီးကားတွေ ကုန်တင်ကုန်ချလုပ် မတရားမောင်းနေကြတာတွေတော့ နှုတ်ဆိတ်နေကြတယ်၊ စည်းကမ်းတကျ ဖြစ်စေချင်ရင် အားလုံးတပြေးညီ ဆောင်ရွက်ပေးပါ”လို့ဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
အရင်က အဲဒီယာယီဈေးဆိုင်တွေဖြစ်တဲ့ ဆယ်ပေပတ်လည် မိုးကာတဲတစ်လုံးကို စည်ပင်မှအရင်က တစ်လနှစ်သောင်းကျပ်ကောက်ခံခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလကစတင်ပြီး တန်ဆောင်တိုင်ကြောင့် လေးသောင်းကျပ်အထိတိုးမြှင့်ကောက်ခံခဲ့ကြောင်းနဲ့ ယာယီပျံကျဈေးဆိုင်တွေ လာရောက်ဖွင့်လှစ်ရောင်းချနေသူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကယားပြည်နယ်ကစစ်ဘေးရှောင်တွေ အများစုဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ-Local
CJ-003
#MekongNews









