လားရှိုးမြို့ရဲ့ ကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်နေ
ရေရှည်အတွက် စီမံချက်ဖော်ဆောင်နေတယ်လို့ MNDAA ပြော
မဲခေါင်၊ နိုဝင်ဘာ ၂၉
ကိုးကန့်တပ်( MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကုန်စည်စီးဆင်းမှုနဲ့ ကုန်စိမ်းသားငါးရောင်းဝယ်ရေး ပုံမှန်အတိုင်းလည်ပတ်နေပြီး ရေရှည်ထိန်းထားနိုင်ဖို့အတွက် စီမံချက်တွေနဲ့ ဖော်ဆောင်နေတယ်လို့ MNDAAရဲ့ လားရှိုးမြို့ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။
စစ်ကောင်စီ ပိတ်ဆို့ထားတာကြောင့် ကုန်တင်ကားဝင်ရောက်မှုအကန့်အသတ် အခက်အခဲတွေ ရှိနေပေမယ့် ကုန်ပစ္စည်းပြတ်လပ်သွားတာမျိုးမရှိဘဲ ပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားနေသလို ကုန်သည်တွေ အနေနဲ့လည်း သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနေကြတယ်လို့ MNDAAရဲ့ လားရှိုးမြို့ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
MNDAAအနေနဲ့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ကုန်ဈေးနှုန်းကြီးမားမှုတွေကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေးခက်ခဲရမှုအပေါ် အသားငါးဈေးကြီးမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး တာဝန်ရှိသူတွေနဲ့ ဈေးတာဝန်ခံတွေ၊ အသားငါးရောင်းချသူတွေ တွေ့ဆုံစည်းဝေးကာ နိုဝင်ဘာလ ၁၆ ရက်က သားငါးဈေးနှုန်းသတ်မှတ်ချက်တစ်ခုကို ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သူတို့ လက်လွှတ်လိုက်ရတဲ့ မြို့တွေကို ဆန်၊ စားသောက်ကုန်၊ စက်သုံးဆီအပါအဝင် ကုန်စည်ပစ္စည်း ဝင်ရောက်မှုမရှိစေဖို့ အခုနိုဝင်ဘာလ ၁၂ရက်ကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း သွားရောက်ရာ လမ်းကြောင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ကုန်တင်ကားတွေဖြတ်သန်းခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-စောနေဝေစိုး
CJ-003
#MekongNews
#လားရှိုး
#ကုန်စည်
#ပုံမှန်လည်ပတ်
#သားငါးဈေး
#သတ်မှတ်ချက်








